လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့အတွက် နေရပ်ဒေသအသီးသီးကနေရောက်ရှိလာပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာထိန်းသိမ်းခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်အသီးသီးသို့ ပြန်နိုင်ပြီဖြစ်ကြောင်း တပ်မတော်က ဒီနေ့ညနေပိုင်းမှာလာရောက်ကြေညာခဲ့တယ်လို့သိရပါတယ်။
တရားဝင်စာထုတ်ပြန်တာမျိုးမဟုတ်ဘဲ စည်ပင်ဧည့်ရိပ်သာဝန်းအတွင်း လော်စပီကာနဲ့လာရောက်အော်ကာ ကြေညာသွားတာဖြစ်လို့ ကိုယ်စားလှယ်တွေဘက် သူတို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးဘယ်လောက်ထိတာဝန်ယူပေးမှာလဲဆိုတဲ့မေးခွန်းမျိုးတွေပြန်မေးခဲ့တယ်လို့ ပြည်ကြီးတံခွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက Duwunကိုပြောပါတယ်။
“အခုပဲလာကြေညာသွားတာ။ ကြေညာတယ်ဆိုပေမယ့် တရားဝင်စာထုတ်တာမဟုတ်ဘဲ လာအော်ပြီးကြေညာတာ။ ကိုယ်အစီအစဉ်နဲ့ ကိုယ်ပြန်နိုင်ပြီဆိုတော့ ကျွန်တော်တို့ဒီမှာနောက်ဆုံးဘယ်အချိန်ထိနေရမှာလဲ ၊ကျွန်တော်တို့ပြန်တဲ့လမ်းမှာ အိမ်မရောက်ခင်အထိ အသက်အန္တရာယ်နဲ့ပတ်သက်ပြီး အန္တရာယ်ပြုတာတွေနဲ့ပတ်သက်လို့ ဘယ်လောက်ထိတာဝန်ယူပေးမှာလဲ၊ လမ်းမှာအရပ်ဝတ်တစ်ယောက်က ကျွန်တော်တို့ကို ဓားနဲ့ဝင်ထိုးတယ်၊ တုတ်နဲ့ရိုက်တယ်ဆို သူတို့တာဝန်ယူမှာလား ဒါတွေမေးထားတယ်။ သူတို့ကတော့မေးပြီးပြန်ပြောမယ်ပြောတယ်။ သူတို့ရဲ့အဖြေပေါ်မူတည်ပြီး ကျွန်တော်တို့ ဘာဆက်လုပ်သင့်သလဲစဉ်းစားမှာပေါ့”လို့ ဦးကျော်စိုးလင်းက ပြောပါတယ်။
လက်ရှိမျာတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြန်ခွင့်ပေးထားပေမယ့် စည်ပင်ဧည့်ရိပ်သာဝန်းထဲမှာပဲ ဆက်လက်နေထိုင်ဦးမယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာဝန်းအတွင်းမှာ လွှတ်တော်တက်ဖို့ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် အယောက် (၅၀၀)ကျော်နဲ့ မိသားစုတွေအားလုံးအပါအဝင် အယောက် (၁,၀၀၀)နီးပါးရှိတယ်လို့ သိရပါတယ်။