အာဏာသိမ်းစစ်အစိုးရ ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြည်သူတွေက ဒီကနေ့ ည ၈ နာရီမှာ "သံပုံးတီးကမ်ပိန်း"ကိုပြုလုပ်သွားမယ်လို့ သိရပါတယ်။

သံပုံးတီးကမ်ပိန်း ကို ည(၈) နာရီအချိန်မှာ မိမိတို့ နေအိမ်အသီးသီးမှာ လုပ်ဆောင်ကြမှာဖြစ်ပြီး သံပုံးမရှိသူတွေအနေနဲ့ ဒန်အိုး၊ ဒန်ခွက်၊ စတီးအိုး အစရှိတာတွေကို အသုံးပြုပြီး တစ်မိနစ်တိတိ သံပုံးတီးပြီး "အာဏာသိမ်းစစ်အစိုးရ" ကို ဆန့်ကျင်ကန့်ကွက်ကြမှာဖြစ်တယ်လို့သိရပါတယ်။



ဒီကိစ္စ နဲ့ပတ်သက်ပြီး လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက "ကျွန်တော််တို့ကထောက်ခံတယ်။ကျနော်တို့ကလည်း ပြည်သူလူထုကပေးအပ်ထားတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်မယ်၊ ပြည်သူလူထုကလည်း ကျွန်တော်တို့ကိုဝိုင်းဝန်းကူညီပေးပါ။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဖို့၊သူတို့နဲ့မပူးပေါင်းဖို့ မေတ္တာရပ်ခံတယ်။ ခုလိုပြောတာ လမ်းပေါ်တက်ပြီး ဆန္ဒပြဖိူ့မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ပြည်သူလူထုရဲ့သဘောထားဆန္ဒကိုဆန်ကျင်တာလက်မခံဘူး။ အသိအမှတ်မပြုနိုင်ဘူး။ဆန့်ကျင်တယ်ဆိုတာကို နည်းမျိုးစုံနဲ့ပြသမယ်."လို့ ပြောပါတယ် ။

သံပုံးတီးနေရင်းနဲ့ " အမေစု - ကျန်းမာပါစေ ၊ မြန်မာပြည် - လွတ်မြောက်ပါစေ၊ စစ်အာဏာရှင် - ချုပ်ငြိမ်းပါစေ "ဆိုတဲ့ ကြွေးကြော်သံ ကို ကြွေးကြော်ပြီး နေအိမ်ကနေပဲ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ကြမှာဖြစ်ပါတယ်။

သံပုံးတီး ကမ်ပိန်းမှာပါဝင်မယ့် ပြည်သူတစ်ဦးကတော့"ကျွန်တော်တို့ကတော့ လုပ်မှာပါ ။ အခုချိန်မှာ ငြိမ်းချမ်းစွာ လုပ်လို့ရတာကို လုပ်မှာပါ။ ဒါလုပ်ရင်အဖမ်းခံရမှာလားဆိုတာကို တွေးကြောက်နေကြတာလည်းရှိတယ်။ ဒါဟာငြိမ်းချမ်းစွာမိမိဆန္ဒသဘောကို ထုတ်ဖော်ပြတဲ့နည်းပဲ။ ဒီလောက်မှမလုပ်ရဲရင် ရှေ့ဆက်ပြီး စစ်တပ်က နှစ်ပေါင်းချီအုပ်ချုပ်ခံကြရမှာ အသေချာပဲ"လို့ ဆိုပါတယ်။ 

 အာဏာသိမ်းတဲ့ စစ်တပ်ကို ဆန့်ကျင်ကြောင်း လက်မခံကြောင်းကို ပြသမယ့် သံပုံးတီး ကမ်ပိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေက လူမှုကွန်ယက်မှာ ဝေမျှတာတွေ ပြုလုပ်နေကြပါတယ်။ စစ်တပ်ကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်မှာ အာဏာကိုသိမ်းလိုက်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့် ကိုနေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။



က္က