ပြည်ပနိုင်ငံတွေကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း Relief Flight/ရေယာဉ်တွေနဲ့ ထပ်မံတိုးမြှင့်ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ကိုဗစ်ဗဟိုကော်မတီထုတ်ပြန်

ပြည်တွင်းလေကြောင်းခရီးစဉ်တွေ အပြင် ပြည်ပ (Relief Flight)ခရီးစဉ်တွေကို ဖေဖော်ဝါရီလ(၄) ရက်နေ့ကစတင်ပြီး ပြန်လည်ပြေးဆွဲသွားမယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ခရီးသွားပြည်သူတွေလေကြောင်းခရီးသွားလာရေးမှာ အဆင်ပြေချောမွေ့စွာသွားရောက်နိုင်စေရေးအတွက် အရင်စီစဉ်ထားတဲ့ ခရီးစဉ်တွေအတိုင်း ပြန်လည်ပျံသန်းပြေးဆွဲမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း Relief Flight/ရေယာဉ်တွေနဲ့ ထပ်မံတိုးမြှင့် ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ(၂)ရက်မှာ ကိုဗစ် ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။



ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ နိုင်ငံသားတွေ Relif Flight ခေါ်ယူပေးနေပေမယ့် အရေအတွက် နည်းပါးမှုကြောင့် ပြန်လည်ဝင်ရောက်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် ကိုဗစ်ကြောင့် ပြည်ပကို ကာလရှည်ကြာစွာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ ဒုက္ခခံနေထိုင်ရမယ့်အစား မြန်မာနိုင်ငံကို ပြန်လာနိုင်ခြင်းက ပိုမိုသင့်မြတ်ကောင်းမွန်မယ်လို့လည်း ဗဟိုကော်မတီက ဆိုပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံတွေကို တရားဝင်ဖြစ်စေ၊ တရားမဝင် နည်းလမ်းဖြင့်ဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ Relief Flight/ ရေယာဉ်တွေ ထပ်မံတိုးမြှင့် ခေါ်ဆောင်နိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားတာပါ။

မနေ့ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက်ပိုင်းက တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူမယ်လို့ ကြေညာပြီးနောက် အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ ရန်ကုန်လေဆိပ် အဝင်အထွက်တွေကို ကန့်သတ်တားမြစ်လိုက်ပြီး ရန်ကုန်လေဆိပ်မှာ ပြည်တွင်း/ပြည်ပလေယာဉ်တွေ ပျံသန်းဝင်ရောက်ခွင့်ကိုလည်း ဖေဖော်ဝါရီလ (၁) ရက်ကနေ ဧပြီလ (၃၀)ရက်အထိ ရပ်ဆိုင်းလိုက်တယ်လို့ NOTAMs (Notice Airmen) ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က