လက်ရှိမှာတော့ NLDပါတီရဲ့ အမတ်တွေက မကြာခင်ထုတ်ပြန်လာမယ့် ပါတီကြေညာချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်းထဲက လွှတ်တော်အမတ် တွေကို နေရပ်ပြန်နိုင်ကြောင်း တပ်မတော်က မနေ့က လာရောက်ပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်ထိ ပြန်သူ မရှိသေးတာကြောင့် ၂၄နာရီအတွင်း ထွက်ခွာဖို့ တပ်မတော်က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

တပ်မတော်က ပါတီရဲ့ ခေါင်းဆောင်တွေကို ဆက်သွယ်ပြောကြားတာဖြစ်ပြီး ခေါင်းဆောင်တွေကတစ်ဆင့် အမတ်တွေကို ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။



" ဟုတ်ပါတယ်။ကျွန်တော်တို့လည်း အဲဒီလိုပဲ သိထားပါတယ်။အဓိက နားလည်ထားတာက ကျွန်တော်တို့ လူကြီးတွေကို လှမ်းပြီး ဆက်သွယ်ပြောကြားတယ်လို့ သိရပါတယ်။လူကြီးတွေက တစ်ဆင့် ကျွန်တော်တို့ သက်ဆိုင်ရာပါတီခေါင်းဆောင်တွေပေါ့။တိုင်းဒေသကြီး ၊ ပြည်နယ် ခေါင်းဆောင်တွေကတစ်ဆင့် သတင်းပြန်ဖြန့်ပေးတာ " လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးက Duwun ကို ပြောပါတယ်။

ဒီလို ၂၄နာရီအတွင်း စည်ပင်ရိပ်သာကနေ ထွက်ခွာဖို့ ပြောဆိုလိုက်ပြီဖြစ်ပေမယ့် လက်ရှိမှာ ပါတီခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းနေကြပြီး အမတ်တွေကတော့ အစည်းအဝေးရဲ့ ကြေညာချက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

" ကျွန်တော်တို့ပါတီက အခု ဒီမနက်ကတော့ ဒီမှာရှိတဲ့ CECတွေ ၊ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ် ပါတီထဲက လွှတ်တော်နဲ့ပတ်သက်ပြီး ရွေးထားတဲ့ ခေါင်းဆောင်တွေ အစည်းအဝေးထိုင်ပြီး တစ်ခုခုကြေညာချက် ထွက်မယ်လို့ ကြားရပါတယ်။လူကြီးတွေဆုံးဖြတ်ပြီး ပါတီဘက်ကနေသဘောထားထုတ်ပြန်မှာပါ။ အသေးစိတ်မသိဘူး။ တခြားအကြောင်းအရာတွေလည်းပါမယ်။ဒီကိစ္စတစ်ခုထဲတော့ မဟုတ်ဘူး နားလည်ထားသလောက်ဆိုရင်တော့ " လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးက Duwun ကို ပြောပါတယ်။

တပ်မတော်က အမတ်တွေကို နေရပ်ပြန်ဖို့ ပြောဆိုထားပေမယ့်လည်း လက်ရှိအချိန်မှာ စည်ပင်ရိပ်သာကိုစွန့်ခွာပြီး မဲဆန္ဒနယ်ကို ပြန်ကာ ပြည်သူကို မျက်နှာပြဖို့ ဝန်လေးတာကြောင့် တာဝန်ကို အဆုံးစွန်ထိ လုပ်နိုင်သလောက် ဆောင်ရွက်ပြီးမှသာ ပြန်ရမယ်ဆိုလည်း ပြန်ချင်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကDuwunကို ပြောပါတယ်။

ဒါပေမယ့်လည်း အမတ်တွေအနေနဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေတာဖြစ်ပြီး ဘယ်လိုဆုံးဖြတ်ချက်မဆို အားလုံးတစ်စုတစ်စည်းတည်း လိုက်နာဆောင်ရွက် မှာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကDuwunကို ပြောပါတယ်။ နေပြည်တော်စည်ပင်ဧည့်ရိပ်သာဝန်းထဲမှာ လွှတ်တော်တက်ဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ရောက်ရှိနေတဲ့ အမတ် ငါးရာကျော်ရှိနေပြီး မိသားစုတွေအပါအဝင် လူဦးရေ တစ်ထောင်နီးပါးကို တပ်မတော်က ဖေဖော်ဝါရီ ၁ရက်မှာ ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။



က္က