ပြည်သူတွေ ငွေကြေးနဲ့ဘဏ်ဝန်ဆောင်မှုအပေါ် ယုံကြည်စိတ်ချစွာ ဆက်လက်သုံးစွဲနိုင်ဟုဆို
Mi Thawdar Aung

ငါးထောင်တန်တွေ တစ်သောင်းတန်တွေ သိမ်းမယ်ဆိုတာ ကောလဟလဖြစ်တယ်လို့ ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပြီး ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအလေးထားဆောင်ရွက်နေတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ (၃) ရက်မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မူတည်ပြီး ကျပ် ငါးထောင်တန်၊ တစ်သောင်းတန် ရုတ်သိမ်းမယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ဘဏ်တွေပိတ်သိမ်းမယ်ဆိုတဲ့ သတင်းမှားတွေ ထွက်ပေါ်နေပြီး အဆိုပါကောလဟလ သတင်းတွေကြောင့် ပြည်သူ့အချို့ စိုးရိမ်ပူပန်ပြီး ဘဏ်တွေမှာ ငွေတွေထုတ်ယူနေတာကို ကြားသိရတယ်လို့ ဆိုပါတယ်။ 



ဗဟိုဘဏ်အနေနဲ့ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေးအတွက်အလေးထားဆောင်ရွက်နေပြီး ဘဏ်တွေအနေနဲ့လည်း သတ်မှတ်ချက်တွေနဲ့အညီခိုင်မာစွာ ဝန်ဆောင်မှုပေးနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ငွေကြေးနဲ့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် စိုးရိမ်မှုမရှိဘဲ ယုံကြည်စိတ်ချစွာ ဆက်လက်သုံးစွဲနိုင်ပြီး ဘဏ်ဝန်ဆောင်မှုတွေ ပုံမှန် ဆောင်ရွက်ဖို့ ဘဏ်တွေကိုလည်း ညွှန်ကြားထားပြီး ဖြစ်တယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာမှာ” ဟုတ်ပါတယ်။ ထုတ်ပြန်ချက်ကအစစ်ပါ။ သတင်းအမှားတွေ တွေ့နေလို့ အခုလို ထုတ်ပြန်တာပါ” လို့လည်း ဆိုပါတယ်။ ဒီကနေ့ မနက်ပိုင်းစတင်ပြီး လူမှုကွန်ရက်ပေါ်မှာ ငါးထောင်တန်၊ တစ်သောင်းတန်တွေကို ပြန်သိမ်းမယ်ဆိုတဲ့သတင်းတွေ ပျံ့နှံ့လာခဲ့ရာမှာ ကောလဟလသာဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာလိုက်တာပါ။


Author


က္က