‌နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ချုပ်ရမန် ၁၄ ရက် ယူလိုက်ကြောင်း သိရပါတယ်။
Mi Thawdar Aung

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ လည်းကောင်း၊ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ လည်းကောင်း နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ချုပ်ရမန် ၁၄ ရက် ( ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ) ပေးလိုက်ကြောင်း ခိုင်လုံတဲ့သတင်းအရ သိရှိရတယ်လို့ NLD ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ပြောပါတယ်။



နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုတော့ မဲဆွယ်စည်းရုံးရေးဆင်းစဉ်ကာလအတွင်း သမ္မတအိမ်တော်ဝင်းအရှေ့မှာ မဲဆွယ်စည်းရုံးရေးကားတွေကို ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာခဲ့ခြင်းမရှိတာကြောင့် တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာတော့ အနီးကပ်လုံခြုံရေးအဖွဲ့တွေထံက ဆက်သွယ်ရေးပစ္စည်းတွေကို တွေ့ရှိခဲ့ပြီး ဆက်သွယ်ရေးပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့တာကြောင့် တရားစွဲဆိုလိုက်တာဖြစ်တယ်လို့သိရပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ စာနှစ်စောင် လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လာခဲ့ပြီး ညနေပိုင်းမှာတော့ အဆိုပါ တရားစွဲဆိုမှုမှာ အတည်ဖြစ်ကြောင်း ဦးကြည်တိုးက ရေးသားထားခဲ့တာလည်း ဖြစ်ပါတယ်။


Author


က္က