ထုတ်ပြန်ချက်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ကိုယ်စားလှယ်အချို့ကတော့ စည်ပင်ရိပ်သာကနေ စတင်ထွက်ခွာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
Htar Htar Wai

ဖေဖော်ဝါရီ ၁ရက်က စတင်ပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာဝန်းမှာ ထိန်းသိမ်းခံထားရတဲ့ ကိုယ်စားလှယ်တွေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်နှစ်ချက်ပါ သဘောထားထုတ်ပြန်ချက်ကို ကြေညာလိုက်ပါတယ်။

အဲဒီတောင်းဆိုချက်နှစ်ခုကတော့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို အမြန်ဆုံးနှင့် ချွင်းချက်မရှိ လွှတ်ပေးရေး ၊ ၂၀၂၀ရွေးကောက်ပွဲရဲ့ အတည်ပြုပြီးဖြစ်တဲ့ ရလဒ်ကို လေးစားလိုက်နာပြီး လွှတ်တော်ဥက္ကဋ္ဌများက စနစ်တကျစီမံဆောင်ရွက် ထားတဲ့ တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ဆက်လက်ခေါ်ယူရေး လုပ်ငန်းစဉ်ကို ဟန့်တားပိတ်ဆို့မှုများအား ရပ်ဆိုင်းရေးတို့ ဖြစ်ပါတယ်။



" ထုတ်ပြန်ချက်က မှန်ပါတယ်။ ကျန်တာက ကျွန်တော်က ECအဖွဲ့က မဟုတ်လို့ တိတိပပပြောမရဘူး။ ပြန်ဆိုတော့လည်း ပြန်ရုံပဲရှိတယ်လေ။ ကျွန်တော်တို့က အခုပြန်ပြီဗျ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ကြတော့တာပါပဲ " လို့ တောင်းဆိုချက်မှာ သဘောတူလက်မှတ်ရေးထိုးထားတဲ့ ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၂) ကိုယ်စားလှယ် ဦးခွန်ရွှေထီးက Duwun ကို ပြောပါတယ်။

တပ်မတော်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၂မှာ ထိန်းသိမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖေဖော်ဝါရီ ၂ရက်က နေရပ်ပြန်ဖို့ ပြောကြားခဲ့ပြီးတဲ့နောက် ဒီနေ့ မနက်ပိုင်း မှာတော့ ၂၄နာရီအတွင်း ရိပ်သာကနေ ဖယ်ရှားဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် တောင်းဆိုမှု နှစ်ချက်ပါ ထုတ်ပြန်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေက သဘောတူထုတ်ပြန်ခဲ့ပြီး တဲ့နောက်မှာတော့ ဧည့်ရိပ်သာကနေ စတင်ထွက်ခွာနေကြပြီ ဖြစ်ပါတယ်။


Author


က္က