4 February
11:00 PM
နေပြည်တော် စည်ပင်ရိပ်သာကနေ နေရပ်ပြန်ဖို့စောင့်ဆိုင်းနေဆဲဖြစ်တဲ့ လွှတ်တော်အမတ်ငါးဦးဟာ ယနေ့ညဦးပိုင်းက အင်အားသုံးဖယ်ရှားခံခဲ့ရတယ်လို့ စည်ပင်ရိပ်သာမှာ တည်းခိုဆဲဖြစ်တဲ့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။
စည်ပင်ရိပ်သာက ဝန်ထမ်းတွေကို ဖိအားပေးတာကြောင့် ၆ရက်နေ့ညနေမှာ ပြန်ထွက်ဖို့နဲ့ ဒီနေ့ ၄ရက်နေ့ညကို အပြင်ထွက်အိပ်ဖို့ သဘောတူညီပြီးတဲ့နောက်မှာပဲ ရဲတပ်ဖွဲ့က အရပ်ဝတ်နဲ့ အင်အားသုံး ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။
စည်ပင်ဧည့်ရိပ်သာက အမတ်တွေကို ဇန်နဝါရီ ၆ရက်အထိ နေထိုင်ဖို့ တပ်မတော်က သဘောတူထားပေမယ့် ဒီနေ့ညနေ ၆နာရီနောက်ဆုံးထားထွက်ပေးဖို့ ညနေအစောပိုင်းက ပြောကြားခဲ့ပြီး ရိပ်သာကို မီးနဲ့ရေ ဖြတ်တောက်ခဲ့တာပါ။ဒါပေမယ့်လည်း ကိုယ်စားလှယ် ငါးဦးက အိမ်ပြန်ဖို့ စောင့်ဆိုင်းနေဆဲဖြစ်လို့ ညဦးပိုင်းမှာ အင်အားသုံးဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
စည်ပင်ရိပ်သာကို မီးနဲ့ရေဖြတ်တောက်ပြီးတဲ့နောက်မှာ NLDပါတီရဲ့ CEC ဒေါက်တာမေဝင်းမြင့် ၊ ဦးအောင်ကြည်ညွန့် တို့နဲ့အတူ ကျန်ရှိနေတဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးထွန်းမြင့် ၊ ဦးဘမျိုးသိန်း ၊ ဦးစိုးဝင်း(ခ)ဦးစိုးလေးတို့ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။
_____________________________________________________________
4 February
8:00PM
ေဒါက်တာ သက်သက်ခိုင်အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် စစ်အစိုးရခန့်အပ်
ပြည်သူ့ရှေ့ဆောင် ပါတီဉက္ကဌ ဒေါ်သက်သက်ခိုင်အား ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၄၁၉အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် စစ်အစိုးရက ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီကနေ့ ည ၈နာရီသတင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
________________________________________________________________________
8:00PM
သမ္မတဦးဝင်းမြင့်နဲ့မိသားစုကို တပ်မတော်က နေရာပြောင်းရွှေ့
နေပြည်တော် သမ္မတအိမ်တော်မှာ ဇန်နဝါရီ၁ရက်ကစတင်ပြီး တပ်မတော်က ထိန်းသိမ်းထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ မိသားစုကို နေအိမ်ရွှေ့ပြောင်းလိုက်ပြီလို့ သိရပါတယ်။
"သမ္မတဦးဝင်းမြင့်နှင့်မိသားစုကို သမ္မတအိမ်တော်မှ အခြားအိမ်သို့ ရွှေ့ပြောင်းလိုက်ပါပြီ" လို့ NLDပါတီ ဗဟိုပြန်ကြာရေးတာဝန်ခံ ဦးကြည်တိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ည၈နာရီခန့်က ရေးသားလိုက်တာ ဖြစ်ပါတယ်။
________________________________________________________________________
6:30PM
မန္တလေးမှာဒီနေ့မနက်ဆန္ဒပြခဲ့သူ(၄)ဦးကိုဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေး
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့အရပ်ဘက်လှုပ်ရှားမှုတစ်ခုကို မန္တလေးမြို့ လမ်း ၃၀၊ ဆေးတက္ကသိုလ်(မန္တလေး)ရှေ့မှာ ဒီကနေ့မနက် ၉ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့တာမှာ အများဆုံးလူ ၂၀ ခန့်နဲ့ငြိမ်းချမ်းစွာနဲ့ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပေမယ့်လည်း ဆန္ဒဖော်ထုတ်ပွဲအပြီးမှာတော့ ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဆန္ဒပြသူတွေထဲက ကိုဥက္ကာမင်း(မန္တလေးနိုင်ငံခြားတက္ကသိုလ်)၊ ကိုမင်းညီညီ(ရတနာပုံတက္ကသိုလ်)၊ ကိုရဲဝင်းထွန်းနဲ့ကိုပြည့်စုံအောင်တို့ကို ဖမ်းဆီးပြီး ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းက ကနဦး ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့အမှုဖွင့်ခဲ့တာကနေ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ထပ်မံအမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့သိရပါတယ်။
________________________________________________________________________
6:00PM
စည်ပင်ရိပ်သာမှာ မီးနဲ့ရေဖြတ်တောက်လိုက်ပြီ
စည်ပင်ရိပ်သာမှာ အမတ် ၁၀ ယောက်ကျန်ရှိနေသေးတယ်ဆိုပေမယ့်လည်း ရေနဲ့ မီးကို ဖြတ်တောက်လိုက်တာကြောင့် ကျန်ရှိနေသူတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ စည်ပင်ဧည့်ရိပ်သာမှာ လက်ရှိအချိန်အထိ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးတို့က အမတ်ဆယ်ဦးခန့် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
" ကျွန်တော်တို့ကို ပြန်လို့ရပြီလို့ပြောတုန်းက ချက်ချင်းကြီးတော့ ပြန်လို့မရဘူး။ပစ္စည်းသိမ်းထားတွေ ဘာတွေနဲ့ ၃ရက်လောက်အချိန်ယူရမှာမို့ ၆ရက်နေ့ ထွက်ပေးမယ်ပြောထားတယ်။အထက်ကို တင်ပြပြီး သူတို့ ၆ရက်နေ့ ၅နာရီအထိ ခွင့်ပြုတယ်။ ပြီးလည်းပြီးရော ၄၈နာရီအတွင်း ထွက်ပေးပါ ၊ ၂၄နာရီအတွင်းထွက်ပေးပါ ၊ ၁၂နာရီအတွင်း ထွက်ပေးပါ ၊ ဒီနေ့ည ၆နာရီထွက်ပေးပါတို့ လိုက်အော်တယ်။လွန်ခဲ့တဲ့ နှစ်နာရီလောက်က မီးဖြတ်တယ်။လွန်ခဲ့တဲ့ တစ်နာရီလောက်က ရေဖြတ်လိုက်တယ်။လူသားချင်းမစာနာတဲ့ ကိစ္စတွေကို လုပ်တာက ပြောရရင် စိတ်ဓာတ်က အောက်တန်းကျပါတယ်" လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။
________________________________________________________________________
5:00PM
လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံအားပေးတဲ့ လက်ခုပ်တီးကမ်ပိန်းပြုလုပ်
ဒီကနေ့ ညနေ ငါးနာရီအချိန်မှာ ပြည်သူတွေဟာ နေအိမ်အသီးသီးကနေ လက်ခုပ်တီးအားပေးမှု ကမ်ပိန်းတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းမှုကို လက်သင့်မခံဘဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ် လွှတ်တော်ခေါ်ယူခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ခုပ်တီးအားပေးမှုတွေအပြင် ကားဟွန်းတီးမှုတွေကိုပါ ပြုလုပ်ခဲ့ကြတာကိုတွေ့ရပါတယ်။
လက်ခုပ်တီးအားပေးမှုကို Live လွှင့်တာ၊ ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ယက်ပေါ် တင်တာတွေအပြင် “ပြည်ထောင်စုလွှတ်တော်အမတ် ၇၀ အား ဦးညွတ် အလေးပြုပါသည်။ ပြည်သူ့ကိုယ်စားလှယ်ပီသသူများအားလေးစားပါ၏” ဆိုတဲ့ စာသားတွေကိုပါ ရေးတင်ကြတာကို တွေ့ရပါတယ်။
________________________________________________________________________
4:00PM
စစ်အာဏာရှင်လက်အောက်လွတ်မြောက်ရေးဆန္ဒဖော်ထုတ်မှုအဖြစ် မိုးပျံပူဖောင်းအနီထောင်ချီ လွှင့်တင်
ရန်ကုန်မြို့နေပြည်သူတချို့ ဒီကနေ့ ညနေ ၄နာရီက စစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ရေး ဆန္ဒဖော်ထုတ်မှုအဖြစ် မိုးပျံပူဖောင်းအနီထောင်ချီကို ရန်ကုန်မြို့တွင်း နေရာအသီးသီးကနေ ကောင်းကင်ယံကို လွှတ်တင်နေတာတွေ့ရပါတယ်။
အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း အနုပညာရှင်များနဲ့ ပြည်သူတချို့ အွန်လိုင်းပေါ်ကနေ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပြီးတဲ့နောက် ဒီကနေ့မှာတော့ ဆန္ဒပြမှုများနဲ့အတူ လက်ခုပ်တီးကမ်ပိန်းတွေ၊ မိုးပျံပူဖောင်းအနီကမ်ပိန်းတွေကိုပါ လုပ်ဆောင်လာတာတွေ့ရပါတယ်။
________________________________________________________________________
3:00PM
လွှတ်တော် အမတ် (၇၀) ဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လွှတ်တော်ခေါ်ယူခဲ့ကာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြ
လွှတ်တော်အမတ်တွေနေရပ်ပြန်ဖို့ စစ်အစိုးရက ညွှန်ကြားထားပေမယ့် ဒီကနေ့မှာတော့ စည်ပင်ဧည့်ရိပ်သာအတွင်း မပြန်ဘဲ ကျန်ရှိနေတဲ့ လွှတ်တော် အမတ် (၇၀) ဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အာဏာသိမ်းမှုကို လက်သင့်မခံဘဲ လွှတ်တော်ခေါ်ယူခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလို စစ်အာဏာသိမ်းမှုကို လက်မခံဘဲ လွှတ်တော်ခေါ်ယူခဲ့ကြတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို ထောက်ခံအားပေးတဲ့ အနေနဲ့ လက်ခုပ်တီး ကမ်ပိန်းလှုပ်ရှားမှုတစ်ခု ဒီကနေ့ ဖေဖော်ဝါရီ (၄) ရက် ညနေ (၅) နာရီမှာ ပြုလုပ်မယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

________________________________________________________________________
2:00PM
စစ်အာဏာရဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပြည်တက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေ ပါဝင်လာ
စစ်အာဏာရဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြည်တက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေက ဒိကနေ့ ဖေဖော်ဝါရီ ၄ရက်နေ့မနက်ပိုင်း က ပြည်တက္ကသိုလ်ဝန်းထဲ မှာပဲ ပြုလုပ်ခဲ့ကြပါတယ်။
__________________________________________________________________________
11AM
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုစတင်ပြီလို့ ၈၈ မျိုးဆက်ကြေညာ
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု(၂၀၂၁) စတင်ပြီလို့ (၈၈) မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ကြေညာလိုက်ပါတယ်။
အကြမ်းမဖက်လှုပ်ရှားမှု အနေနဲ့ ဝန်ထမ်းပေါင်းစုံ ပါဝင်တဲ့သပိတ်ကို ဝိုင်းဝန်းထောက်ခံအားပေးကူညီရန်၊ သပိတ်မှောက် အလုပ်ထွက်လာတဲ့သူတွေကို ရပ်ကွက်လိုက်၊ လမ်းလိုက် ပြည်သူတွေက ကူညီစောင့်ရှောက်ကြရန်၊ မိမိမြို့နယ်အတွင်းမှာ အကြမ်းမဖက်လှုပ်ရှားမှု မှန်သမျှကို ဆောင်ရွက်ရန် (ဥပမာ ည (၈) နာရီ သံပုန်းတီးပြီးတော့ ဆန့်ကျင်တာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး လွတ်မြောက်မှုကို ဆုတောင်းတာမျိုး ရပ်ကွက်အလိုက် ညီညွှတ်စွာလုပ်တာမျိုး) တွေကို ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဓိက တောင်းဆိုချက် (၂) ချက်ကတော့ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီးအပါအဝင် ဖမ်းဆီးထားတဲ့လူတွေကို ချက်ခြင်းလွှတ်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အကောင်အထည်ဖော်ရေးတို့ကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
(၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးဂျင်မီတို့ကလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုစတင်မယ့်အကြောင်း ဖေဖော်ဝါရီ (၃) ရက်ညပိုင်းက ကြေညာခဲ့ပါတယ်။
______________________________________________________________________
9:30AM
မန္တလေးအခြေစိုက်အရပ်ဘက်အဖွဲ့အစည်းတွေကလူငယ်တွေ ဆေးတက္ကသိုလ်(မန္တလေး)ရှေ့ စစ်ဆန့်ကျင်ကြောင်းဆန္ဒပြကြ
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အရပ်ဘက်လှုပ်ရှားမှုတစ်ခုအဖြစ် ဒီကနေ့မနက် ၉ နာရီခွဲခန့်က မန္တလေးမြို့ လမ်း ၃၀ ဆေးတက္ကသိုလ်(မန္တလေး)ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။မန္တလေးအခြေစိုက်အရပ်ဘက်အဖွဲ့အစည်းတွေကလူငယ်တွေပူးပေါင်းပြီး စစ်ဆန့်ကျင်ကြောင်းဆန္ဒပြကြတာလို့သိရပြီး ဆန္ဒပြသူတွေဟာ အာဏာသိမ်းအစိုးရအလိုမရှိ၊ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ၊ဖမ်းဆီးခံခေါင်းဆောင်များ ချက်ခြင်းလွှတ် အစရှိတဲ့ ကြွေးကြော်သံတွေကြွေးကြော်ပြီး ဗီနိုင်းဆိုင်းဘုတ်တွေ အနက်ရောင်အလံတွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
__________________________________________________________________________
4 February
7AM
Facebook နဲ့ Messenger အသုံးပြုလို့မရအောင် ပိတ်ခံရ
==================================================
3 February
8:30PM
အာဏာသိမ်းယူထားတဲ့ စစ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ ပြည်သူတွေ နေအိမ်ကနေ သံပုံး၊ စတီးပုံး တီးခတ်ခြင်းကို ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ သံပုံးတီးခတ်ခြင်းအပြင် NLD အလံတွေ ဝှေ့ရမ်းခြင်း၊ ကားဟွန်းတီးခြင်း၊ ကမ္ဘာမကြေဘူး သီချင်း သီဆိုခြင်း၊ အမေစုကျန်းမာပါစေလို့ သံပြိုင်ရွတ်ဆိုခြင်းမျတွေပါ ပြုလုပ်လာကြတာ တွေ့ရပါတယ်။
__________________________________________________________________________
06:30PM
မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေကို ဌာနပိုင်နေအိမ်တွေကနေ ဖယ်ခိုင်းနေ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ဌာနပိုင်နေအိမ်တွေကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့သလို နေအိမ်တွေ ကနေလည်းဖယ်ခိုင်းထားလို့ ပစ္စည်းတွေပြောင်းရွှေ့မှုတွေပြုလုပ်နေတာကို ဒီကနေ့ညနေ ၄ နာရီလောက်ကတွေ့ခဲ့ရပါတယ်။
အလားတူစွာပဲ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဧည့်ရိပ်သာအတွင်းက အသုံးအဆောင်ပစ္စည်းတွေကို ဒီကနေ့ညနေပိုင်းက လွှတ်တော်ဝန်ထမ်းတွေနဲ့ပြောင်းရွှေ့နေတာကိုတွေ့ခဲ့ရပါတယ်။
__________________________________________________________________________
6:00PM
အာဏာသိမ်းဖြစ်စဉ်ကြောင့် ဆန်ဈေးမတက်ဖို့ မန္တလေးဆန်လုပ်ငန်းရှင်များအသင်းစီစဉ်ထား
တပ်မတော်အာဏာသိမ်းဂယက်ကြောင့် ဆန်အဝယ်များလို့ ဆန်ဈေးတက်နေပေမယ့်လည်း ပြည်သူလူထုအခက်အခဲမဖြစ်ရအောင် ဆန်လုပ်ငန်းရှင်များအသင်းကစီစဉ်နေတယ် လို့ မန္တလေးတိုင်းဒေသကြီးဆန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးဌေးလွင်က Duwun ကိုပြောပါတယ်။ ဆန်ဈေးအတွက် အစိုးရိမ်မလွန်ကြဖို့နဲ့ လွန်လွန်ကဲကဲဝယ်ယူတာမျိုးမဖြစ်ဖို့ ပြည်သူတွေဘက်ကသတိထားကြရမှာဖြစ်ပြီး ဆန်ကုန်သည်များအသင်းဘက်ကတော့ ဈေးမတက်ဖို့အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
__________________________________________________________________________
5:30PM
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အချက်နှစ်ချက်တောင်းဆိုမှု ထုတ်ပြန်
နေပြည်တော်စည်ပင်ဧည့်ရိပ်သာဝန်းမှာ ထိန်းသိမ်းခံထားရတဲ့ ကိုယ်စားလှယ်တွေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်နှစ်ချက်ပါ သဘောထားထုတ်ပြန်ချက်ကို ကြေညာလိုက်ပါတယ်။
အဲဒီတောင်းဆိုချက်နှစ်ခုကတော့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို အမြန်ဆုံးနှင့် ချွင်းချက်မရှိ လွှတ်ပေးရေး ၊ ၂၀၂၀ရွေးကောက်ပွဲရဲ့ အတည်ပြုပြီးဖြစ်တဲ့ ရလဒ်ကို လေးစားလိုက်နာပြီး လွှတ်တော်ဥက္ကဋ္ဌများက စနစ်တကျစီမံဆောင်ရွက် ထားတဲ့ တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ဆက်လက်ခေါ်ယူရေး လုပ်ငန်းစဉ်ကို ဟန့်တားပိတ်ဆို့မှုများအား ရပ်ဆိုင်းရေးတို့ ဖြစ်ပါတယ်။
_____________________________________________________________________________
5:00PM
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်အစိုးရတရားစွဲ
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုတော့ မဲဆွယ်စည်းရုံးရေးဆင်းစဉ်ကာလအတွင်း သမ္မတအိမ်တော်ဝင်းအရှေ့မှာ မဲဆွယ်စည်းရုံးရေးကားတွေကို ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာခဲ့ခြင်းမရှိတာကြောင့် တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာတော့ အနီးကပ်လုံခြုံရေးအဖွဲ့တွေထံက ဆက်သွယ်ရေးပစ္စည်းတွေကို တွေ့ရှိခဲ့ပြီး ဆက်သွယ်ရေးပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့တာကြောင့် တရားစွဲဆိုလိုက်တာဖြစ်တယ်လို့သိရပါတယ်။
_____________________________________________________________________________
5:00PM
တပ်မတော်ကိုဝေဖန်မှုနဲ့ တရားစွဲခံထားရတဲ့ မြဝတီဆရာတော် ဖမ်းဆီးလူဝတ်လဲခံရ
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀ နဲ့တရားစွဲတင်စစ်ဆေးတဲ့အမှုဖြစ်တယ်လို့သိရပြီး အရင်ကတော့ ဒီအမှုအတွက် ဆရာတော်ကိုအာမခံပေး ထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဆရာတော်က ဒီကနေ့ရုံးချိန်းကို လူဝတ်လဲဘဝနဲ့အချုပ်ကားနဲ့တရားလာရောက်ရင်ဆိုင်ခဲ့တာဖြစ်ပြီး အချုပ်ကားပေါ်ကနေ အခြေခံဥပဒေဖောက်ဖျက်ကာမတရားဖမ်းဆီးခဲ့တာဖြစ်တယ်လို့မိန့်ကြားခဲ့ပါတယ်။
_____________________________________________________________________________
4:00PM
လွှတ်တော်အမတ်တစ်ချို့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာကနေ စတင်ထွက်ခွာ
တပ်မတော်က နေပြည်တော် စည်ပင်ရိပ်သာဝန်းထဲက လွှတ်တော်ကိုယ်စားလှယ်တွေကို ၂၄နာရီအတွင်းထွက်ခွာဖို့ ယနေ့မနက်က ပြောကြားခဲ့ပြီးတဲ့နောက် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ယခုနေ့လယ်ပိုင်းမှာတော့ စည်ပင်ဧည့်ရိပ်သာ၂က ကိုယ်စားလှယ်တွေ စတင်ထွက်ခွာနေပြီလို့ သိရပါတယ်။
___________________________________________________________________________
3:00PM
ငါးထောင်တန်၊ တစ်သောင်းတန် သိမ်းမယ်ဆိုတာ ကောလာဟလလို့ ဗဟိုဘဏ်ထုတ်ပြန်
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မူတည်ပြီး ကျပ် ငါးထောင်တန်၊ တစ်သောင်းတန် ရုတ်သိမ်းမယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ဘဏ်တွေပိတ်သိမ်းမယ်ဆိုတဲ့ သတင်းမှားတွေ ထွက်ပေါ်နေပြီး အဆိုပါကောလဟလ သတင်းတွေကြောင့် ပြည်သူ့အချို့ စိုးရိမ်ပူပန်ပြီး ဘဏ်တွေမှာ ငွေတွေထုတ်ယူနေတာကို ကြားသိရတယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်အနေနဲ့ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေးအတွက်အလေးထားဆောင်ရွက်နေပြီး ဘဏ်တွေအနေနဲ့လည်း သတ်မှတ်ချက်တွေနဲ့အညီခိုင်မာစွာ ဝန်ဆောင်မှုပေးနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။
_____________________________________________________________________________
1:00PM
စည်ပင်ရိပ်သာရှိ အမတ်များ ၂၄ နာရီအတွင်း ထွက်ခွာဖို့ ပါတီခေါင်းဆောင်တွေကို တပ်မတော်ပြော
နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်းထဲက လွှတ်တော်အမတ် တွေကို နေရပ်ပြန်နိုင်ကြောင်း တပ်မတော်က လက်ရှိအချိန်ထိ ပြန်သူ မရှိသေးတာကြောင့် ၂၄နာရီအတွင်း ထွက်ခွာဖို့ တပ်မတော်က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ စည်ပင်ရိပ်သာကိုစွန့်ခွာပြီး မဲဆန္ဒနယ်ကို ပြန်ကာ ပြည်သူကို မျက်နှာပြဖို့ ဝန်လေးတာကြောင့် တာဝန်ကို အဆုံးစွန်ထိ လုပ်နိုင်သလောက် ဆောင်ရွက်ပြီးမှသာ ပြန်ရမယ်ဆိုလည်း ပြန်ချင်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကDuwunကို ပြောပါတယ်။
နေပြည်တော်စည်ပင်ဧည့်ရိပ်သာဝန်းထဲမှာ လွှတ်တော်တက်ဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ရောက်ရှိနေတဲ့ အမတ် ငါးရာကျော်ရှိနေပြီး မိသားစုတွေအပါအဝင် လူဦးရေ တစ်ထောင်နီးပါးကို တပ်မတော်က ဖေဖော်ဝါရီ ၁ရက်မှာ ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
_____________________________________________________________________________
1:00PM
မြန်မာတပ်မတော် အာဏာသိမ်းမှုကို ကုလသမဂ္ဂက ပြစ်တင်ရှုတ်ကြောင်း ကြေညာချက်ထုတ်ရန် သဘောတူညီမှုမရ
အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ မြန်မာတပ်မတော်က အရပ်သားအစိုးရထံမှ အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ရန် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးရဲ့ ထောက်ခံမှုလိုအပ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု တစ်စုံတရာလုပ်ဆောင်ရန် အချိန်ပိုမိုလိုအပ်ကြောင်း တရုတ်နဲ့ ရုရှားက ဆွေးနွေးခဲ့ကြောင်း သံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
အရေးပေါ်အစည်းအဝေးမှာ တရုတ်နဲ့ ရုရှားရဲ့ ထောက်ခံမှုမရရှိတာကြောင့် မြန်မာတပ်မတော်က အာဏာသိမ်းမှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အပါအဝင် အရေးယူဆောင်ရွက်မှု တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
________________________________________________________________________
11:00AM
တပ်မတော်ရဲ့အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ကုတင်၅၀၀ အရိုးအထူးကုဆေးရုံမှ ဆရာဝန်၊ သူနာပြုနဲ့ ဆေးရုံဝန်ထမ်းတွေအပါအဝင် စုစုပေါင်းအင်အား ၁၀၀ခန့် က ဖဲကြိုးနီလှုပ်ရှားမှု (Red Ribbon Campaign) ကို ပြုလုပ်ခဲ့တာပါ။
3 February
10:00AM
တပ်မတော်က အာဏာသိမ်းမှုနဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံမှ ထွက်ခွာသွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေအရ ထိုင်းကုမ္ပဏီက စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းကို ဆိုင်းငံ့လိုက်တာလည်း ဖြစ်ပါတယ်။ Amata က စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းကို ဆိုင်းငံ့လိုက်ခြင်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်မြင့်နဲ့ အခြား အရပ်သားအစိုးရခေါင်းဆောင်တွေကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှု လက္ခဏာတစ်ခုဖြစ်ကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။
