ဒီအကြမ်းမဖက်လှုပ်ရှားမှုဟာ ဝန်ထမ်းတွေရဲ့သပိတ်ကို ဦးတည်ဟုဦးမင်းကိုနိုင်ဆို
Mi Thawdar Aung

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု(၂၀၂၁) စတင်ပြီလို့ (၈၈) မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ကြေညာလိုက်ပါတယ်။

အကြမ်းမဖက်လှုပ်ရှားမှု အနေနဲ့ ဝန်ထမ်းပေါင်းစုံ ပါဝင်တဲ့သပိတ်ကို ဝိုင်းဝန်းထောက်ခံအားပေးကူညီရန်၊ သပိတ်မှောက် အလုပ်ထွက်လာတဲ့သူတွေကို ရပ်ကွက်လိုက်၊ လမ်းလိုက် ပြည်သူတွေက ကူညီစောင့်ရှောက်ကြရန်၊ မိမိမြို့နယ်အတွင်းမှာ အကြမ်းမဖက်လှုပ်ရှားမှု မှန်သမျှကို ဆောင်ရွက်ရန် (ဥပမာ ည (၈) နာရီ သံပုန်းတီးပြီးတော့ ဆန့်ကျင်တာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး လွတ်မြောက်မှုကို ဆုတောင်းတာမျိုး ရပ်ကွက်အလိုက် ညီညွှတ်စွာလုပ်တာမျိုး) တွေကို ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။



အရေးကြီးတဲ့အချက်အနေနဲ့ မြို့နယ်အလိုက်စတင်ပြီး ဆောင်ရွက်လာမယ့် ကျောင်းသားသမဂ္ဂတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို ပြည်သူလူထုတစ်ရပ်လုံးက ထောက်ခံအားပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ အဓိက တောင်းဆိုချက် (၂) ချက်ကတော့ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီးအပါအဝင် ဖမ်းဆီးထားတဲ့လူတွေကို ချက်ခြင်းလွှတ်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အကောင်အထည်ဖော်ရေးတို့ကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု (၂၀၂၁) ကို စတင်ကြပြီး ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ အတူလက်တွဲပြီး တုန့်ပြန်ကြမယ်လို့ လည်း ဆိုပါတယ်။ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးဂျင်မီတို့ကလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုစတင်မယ့်အကြောင်း ဖေဖော်ဝါရီ (၃) ရက်ညပိုင်းက ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီအကြမ်းမဖက်လှုပ်ရှားမှုဟာ ဝန်ထမ်းတွေရဲ့သပိတ်ကို ဦးတည်ပြီး သပိတ်မှောက်ဝန်ထမ်းတွေကို လုံခြုံဖို့ ပြည်သူတွေ ဝိုင်းဝန်းစောင့်ရှောက်ကြရမယ်လို့ ဦးမင်းကိုနိုင်ကဆိုပါတယ်။ လူငယ်တွေအနေနဲ့လည်း ဒီလိုဖြစ်ရပ်တွေကို ဘာသာစကားပေါင်းစုံနဲ့ နိုင်ငံတကာကို တင်ပြဖို့ လိုအပ်ပြီး လက်နက်အားကိုးသမားတွေကို ဉာဏ်ပညာရှင်တွေက တုံ့ပြန်တာကို လိုလားတယ်လို့လည်း ဦးမင်းကိုနိုင်က မှာကြားခဲ့တာဖြစ်ပါတယ်။


Author


က္က