"ကျွန်တော်တို့နိုင်ငံမှာက အာဏာရှင်ကလူပါးဝလွန်းအားကြီးတယ်။အာဏာရှင်ကျဆုံးပါစေ၊ဒီပို့စ်တင်ပြီး ခဏနေ ကျွန်တော်အချုပ်ထဲရောက်မယ်။"လို့ ရဲတပ်ဖွဲ့ဝင် တာရာလင်းက Live လွှင့်ပြောဆိုခဲ့ပါတယ်။
Ye Yint Htay

ရဲတပ်ဖွဲ့ဝင်အဖြစ်ကနေနုတ်ထွက်ခွင့်ပြုရန်စာတင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ရဲစခန်းကရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ ရဲစည်းကမ်းဥပဒေနဲ့အရေးယူခံထားရတယ်လို့ မိသားစုဝင်တွေပြောပြချက်အရ သိရပါတယ်။

ရဲတပ်ဖွဲ့ ဝင်နှစ်ဦးကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညပိုင်းမှာဖမ်းဆီးလိုက်တာဖြစ်ပြီး၊ လက်ရှိမှာရဲစည်းကမ်းဥပဒေနဲ့အရေးယူထားကြောင်းသာသိရပြီး၊ဘယ်လိုပုဒ်မနဲ့ အရေးခံထားရသလဲအပါအဝင် အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ မိသားစုဝင်ဖြစ်သူ မမေသော်လင်းကပြောပါတယ်။



" ဖေဖော်ဝါရီလ ၃ ရက်နေ့ညကပါ။ ည ၁၁ နာရီလောက်ကဖမ်းသွားတယ်လို့သိလိုက်ရတယ်။ ကျန်တာတော့ဘာမှမပြောသေးဘူး။ သူတို့နှစ်ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပဲသိရပါသေးတယ်။မနက်ကသိသိချင်းပဲစခန်းကိုသွားတွေ့တာပါ။ လောလောဆယ် တော့ စခန်းမှူး က ရဲစည်းကမ်းဥပဒေနဲ့အရေးစယူတယ်လို့သိရတယ်။ ကျန်တာမသိရသေးဘူး။ ညီမမောင်တွေက ဒီမြို့မှာပဲတာဝန်ပြန်ကျတာပါ၊ ဧရာဝတီတိုင်းကြံခင်းမြို့နယ်မှာတာဝန်ကြတာပါ။ ပထမဆုံးအဖမ်းခံရတဲ့ ညီမမောင်အကြီးဆုံး သူရိန်လင်းက ရဲသက်တမ်း ၆ နှစ်ကျော်လို့ ၇ နှစ်ရှိတော့မယ်။ အခုမောင်လေးအငယ် ဒု-တပ်ကြပ်တာရာလင်းက ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေနဲ့ဖြစ်ပြီးတော့ ဒီမှာပြန်လာပြီးတော့ ဒီကိုရောက်နေတာတာဝန်ထမ်းဆောင်တာ ၃ နှစ်ရှိပါပြီ။ မောင်လေးက ဒီနှစ်ဘွဲ့ရပြီးရင် ဒု-ရဲအုပ်ဖြေမယ်လို့ ပြောထားတာ။ညီမတို့က အာဏာရှင်စနစ်ကိုအလိုမရှိဘူးဆိုတော့ ညီမမောင်တွေလုပ်တဲ့လုပ်ရပ်ကိုမှန်ကန်တယ်လို့ထင်ပါတယ်။ ညီမတို့ကဘယ်လိုမှမခံစားရဘူး။ နိုင်ငံရေးဆိုတာဒီလိုပဲ။စစ်အာဏာရှင်အောက်မှာ သူတို့ကိုတော်လှန်ရင်သူတို့ကဒီလိုမျိုးလုပ်မှာပဲ။ ညီမတို့ကဒီလိုပဲခံယူတယ်။ စစ်အာဏာရှင်လက်အောက်မှာ မလုပ်နိုင်လို့စာတင်တဲ့ ညီမမောင်တွေလုပ်ရပ်အပေါ်မှန်ကန်တယ်လို့ထင်တယ်။ ညီမအဖေကလည်းစစ်အာဏာရှင်လက်အောက်မှာမလုပ်နိုင်ဘူးဆိုပြိးထွက်ခဲ့တာ အင်္ဂလိပ်လို ၁ ရက်နေ့ကပါ။အဖေကတလိုင်းကွင်းအုပ်စုအုပ်ချုပ်ရေးမှူးပါ။"လို့ မမေသော်လင်းက ဖြစ်စဉ်အခြေအနေကို ပြောပါတယ်။

မိသားစုဝင်တွေအနေနဲ့ကတော့ အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေလမ်းကြောင်းအရ ဆက်လက် လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလုံးဟာ သူတို့ အဖမ်းမခံရခင်အချိန်အထိ ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြခဲ့တာတွေရှိပါတယ်။ "ကျွန်တော်တို့နိုင်ငံမှာက အာဏာရှင်ကလူပါးဝလွန်းအားကြီးတယ်။အာဏာရှင်ကျဆုံးပါစေ၊ဒီပို့စ်တင်ပြီး ခဏနေ ကျွန်တော်အချုပ်ထဲရောက်မယ်။"လို့ ရဲတပ်ဖွဲ့ဝင်တာရာလင်းက Live လွှင့်ပြောဆိုခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 


Author


က္က