ဇန်နဝါရီ ၃ ရက်ညကစတင်ပြီး တိုင်ကြားနိုင်တဲ့ပုံစံ စာရွက်တစ်ခု ပျံ့နှံ့နေတာပါ ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ သံပုံး ၊ ဒန်အိုးဒန်ခွက်များ ထုရိုက်ခြင်းလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တိုင်ကြားရမယ့်ပုံစံစာရွက်တစ်ခု မနေ့ (ဇန်နဝါရီ ၃ရက်)ညက စတင်ပြီး လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။

ဒီစာရွက်ပျံ့နှံ့နေပေမယ့်လည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးတွေကိုတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ညွှန်ကြားမှု တစ်စုံတစ်ရာ မရရှိထားဘူးလို့ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ "လတ်တလောအနေနဲ့တော့ ဒါနဲ့ပတ်သက်ပြီး ညွှန်ကြားမှုမရှိသေးပါဘူး။ကျွန်တော်တို့အပိုင်းကတော့ နယ်မြေအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတော့ ဒီဘက်က ရဲတပ်ဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး ဆောင်ရွက်နေပါတယ် " လို့ ဒဂုံမြို့သစ်( တောင်ပိုင်းမြို့နယ်) အုပ်ချုပ်ရေးမှူး ဦးရဲအောင်က Duwun ကိုပြောပါတယ်။



ဒီစာရွက်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို မသိရှိသလို သံပုံး ၊ ဒန်အိုးဒန်ခွက်တွေတီးလို့ အရေးယူပေးဖို့ တိုင်ကြားတဲ့ဖြစ်စဉ်မျိုးလည်းမရှိဘူးလို့ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက Duwun ကိုပြောပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ စာရွက်မှာတော့ လမ်းအတွင်းနေထိုင်သူတွေကသံပုံးများတီးခြင်း၊ ဒန်အိုးဒန်ခွက်များ ထုရိုက်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများ အထိတ်တလန့်ဖြစ်စေတဲ့အတွက် အရေးယူပေးပါရန်ဆိုတဲ့ အကြောင်းအရာနဲ့ ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဒီလိုထုရိုက်တီးခြင်းကြောင့် အခန့်မသင့်ရင် ရောဂါအခံရှိသူ သက်ကြီးရွယ်အို အဖိုးအဖွားတွေ အသက်သေဆုံးတဲ့ ဖြစ်စဉ်တွေပေါ်လာနိုင်တဲ့အတွက် သံပုံး/ဒန်အိုးဒန်ခွက်တီးခြင်း ပြုလုပ်သူတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်ပေးပါဆိုပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားတဲ့ပုံစံ စာရွက် ထွက်ပေါ်လာတာပါ။

" အဲဒါကတော့ အသံချဲ့စက်ဥပဒေတို့ ၊ ပတ်ဝန်းကျင်ဆူညံမှုတို့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေနဲ့ ဖြစ်ပါတယ်။တိုင်ကြားမှုတော့ မရှိသေးပါဘူး " လို့ ဒဂုံမြို့သစ်( တောင်ပိုင်းမြို့နယ်) အုပ်ချုပ်ရေးမှူး ဦးရဲအောင်က Duwun ကိုပြောပါတယ်။ ဇန်နဝါရီလ ၂ရက်က စတင်ပြီး ညစဉ် (၈)နာရီမှာ ရန်ကုန်၊မန္တလေးအပါအဝင် တိုင်းဒေသကြီးပြည်နယ်အချို့က ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် မိမိတို့နေအိမ်တွေကနေ သံပုံး၊ဒန်အိုးဒန်ခွက်တွေ တီးကြတဲ့လုပ်ရပ်ကိုဖော်ဆောင်နေကြတာဖြစ်ပါတယ်။



က္က