မူလက ဖေဖော်ဝါရီ ၆ ရက်အထိ နေထိုင်ဖို့ သဘောတူညီမှု ရရှိထားတာပါ။

စည်ပင်ရိပ်သာမှာ ဒီနေ့ ဇန်နဝါရီ ၄ ရက်အထိ ကျန်ရှိနေတဲ့ အမတ်တွေကို ညနေ ၆ နာရီနောက်ဆုံးထား ထွက်သွားကြဖို့ တပ်မတော်က ညနေအစောပိုင်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း အမတ်တစ်ချို့က တပ်မတော်နဲ့မူလက ညှိနှိုင်းထားတဲ့ ဖေဖော်ဝါရီ ၆ ရက်အထိ ဆက်လက်နေထိုင်ဖို့ စည်ပင်ရိပ်သာမှာကျန်ရှိနေတာကြောင့် ရိပ်သာကို မီးနဲ့ရေ ဖြတ်တောက်လိုက်ပြီ ဖြစ်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။ 



" ကျွန်တော်တို့ကို ပြန်လို့ရပြီလို့ပြောတုန်းက ချက်ချင်းကြီးတော့ ပြန်လို့မရဘူး။ ပစ္စည်းသိမ်းထားတွေ ဘာတွေနဲ့ ၃ ရက်လောက်အချိန်ယူရမှာမို့ ၆ ရက်နေ့ ထွက်ပေးမယ်ပြောထားတယ်။အထက်ကို တင်ပြပြီး သူတို့ ၆ရက်နေ့ ၅နာရီအထိ ခွင့်ပြုတယ်။ ပြီးလည်းပြီးရော ၄၈နာရီအတွင်း ထွက်ပေးပါ ၊ ၂၄နာရီအတွင်းထွက်ပေးပါ ၊ ၁၂နာရီအတွင်း ထွက်ပေးပါ ၊ ဒီနေ့ည ၆နာရီထွက်ပေးပါတို့ လိုက်အော်တယ်။လွန်ခဲ့တဲ့ နှစ်နာရီလောက်က မီးဖြတ်တယ်။လွန်ခဲ့တဲ့ တစ်နာရီလောက်က ရေဖြတ်လိုက်တယ်။လူသားချင်းမစာနာတဲ့ ကိစ္စတွေကို လုပ်တာက ပြောရရင် စိတ်ဓာတ်က အောက်တန်းကျပါတယ်" လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။ 

စည်ပင်ရိပ်သာအတွင်း လွှတ်တော်အမတ်များ ကျမ်းသစ္စာကြိမ်ဆို လက်မှတ်ထိုးကြစဥ်။

ဒီလိုဖြတ်တောက်မှုကြောင့် အခက်အခဲတွေကြုံတွေ့ပေမယ့်လည်း စည်ပင်ဧည့်ရိပ်သာမှာ လက်ရှိအချိန်အထိ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးတို့က အမတ်ဆယ်ဦးခန့် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒီကျန်ရှိနေသူတွေမှာ ချက်ချင်း အိမ်ပြန်ဖို့အတွက် ကားအခက်အခဲရှိနေသူတွေပါဝင်တာကြောင့် တပ်မတော်နဲ့ မူလက ညှိနှိုင်းထားတဲ့ ဖေဖော်ဝါရီ ၆ရက်အထိ စည်ပင်ရိပ်သာမှာနေထိုင်မယ်လို့ သိရပါတယ်။ 

" အခုက ကချင်ပါတယ် ၊ ဧရာဝတီကပါတယ် ၊ ရခိုင်ပြည်နယ်ကပါတယ် ၊ ရန်ကုန်ကလည်းပါတယ်။ ဒီမှာ အမျိုးသမီးတစ်ဦးကျန်တယ်။အမျိုးသား ကိုးယောက်လောက်ကျန်ပါတယ်။ ရှင်းရှင်းပြောရရင် ၆ ရက်နေ့မှ ကားမှာထားတာ။ ဒီမှာက ကားငှားမယ်ဆိုရင်လည်း ကားသေးသေးလေးတောင်မှ ရန်ကုန်ကို သုံးသိန်း ၊ နည်းနည်းကြီးရင် ငါးသိန်းတို့ဆိုတော့ ဒါက တတ်နိုင်သူရှိတယ် ၊ မတတ်နိုင်သူရှိတယ်။ ရေရော မီးရောဖြတ်လိုက်တယ်ဆိုတာကတော့ အောက်တန်းကျပါတယ်။ကျွန်တော်တို့ကလည်း သူတို့နဲ့ ညှိထားတဲ့ ၆ရက်နေ့အထိပဲ နေမှာပါ " လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။ 

နေပြည်တော်စည်ပင်ရိပ်သာထဲကနေ လွှတ်တော်အမတ်တစ်ချို့ မနေ့(ဇန်နဝါရီ၃ရက်) နေ့လယ်က စတင်ထွက်ခွာကြရပေမယ့် ကျန်ရှိနေတဲ့ လွှတ်တော်အမတ်၇၀ခန့်က ဒီမနက်မှာ တတိယအကြိမ်လွှတ်တော်အတွက် ပြည်သူ့တာဝန်ကျေပွန်စွာ ထမ်းဆောင်မယ်ဆိုတဲ့အကြောင်းကို စည်ပင်ရိပ်သာအတွင်းမှာပဲ ကျမ်းသစ္စာကြိမ်ဆိုခဲ့ကြပါတယ်။ အကြောင်းကြောင်းကြောင့် ကတိသစ္စာမပြုရသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်များလည်း ဆက်လက်ပါဝင်လက်မှတ်ရေးထိုးနေပြီလို့လည်း သိရပါတယ်။



က္က