အမျိုးသားအမတ်သုံးဦးကို လူ၇၀ခန့်က ဆွဲထုတ်ပြီး ကားပေါ်တင်တယ်လို့ ဆိုပါတယ်။

နေပြည်တော် စည်ပင်ရိပ်သာကနေ နေရပ်ပြန်ဖို့စောင့်ဆိုင်းနေဆဲဖြစ်တဲ့ လွှတ်တော်အမတ်ငါးဦးဟာ ယနေ့ညဦးပိုင်းက အင်အားသုံးဖယ်ရှားခံခဲ့ရတယ်လို့ စည်ပင်ရိပ်သာမှာ တည်းခိုဆဲဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Duwun ကိုပြောပါတယ်။

စည်ပင်ရိပ်သာက ဝန်ထမ်းတွေကို ဖိအားပေးတာကြောင့် ၆ရက်နေ့ညနေမှာ ပြန်ထွက်ဖို့နဲ့ ဒီနေ့ ၄ရက်နေ့ညကို အပြင်ထွက်အိပ်ဖို့ သဘောတူညီပြီးတဲ့နောက်မှာပဲ ရဲတပ်ဖွဲ့က အရပ်ဝတ်နဲ့ အင်အားသုံး ဖယ်ရှားခဲ့တာလို့ သိရပါတယ်။



"စည်ပင်ဝန်ထမ်းတွေက ကျွန်တော်တို့မှ ထွက်မပေးရင် အလုပ်ပြုတ်ပါလိမ့်မယ်။ မိသားစုဒုက္ခရောက်မယ်ဆိုတော့ ဟုတ်ပြီ ညဘက်ကိုတော့ အပြင်ထွက်ပေးမယ် မနက်ကျရင် ပြန်ဝင်လာမယ်။ပြီးရင် ထုပ်ပိုးစရာရှိတာထုပ်ပိုးမယ်။ပြီးရင် ၆ရက်နေ့ ညနေ ငါးနာရီကျရင် နောက်ဆုံးထားထွက်ပေးမယ် ပြောဆိုပြီး သဘောတူပြီး CEC ဒေါ်မေဝင်မြင့်အခန်းရှေ့လည်း ရောက်ရော အင်အားသုံးတာပေါ့။ ရဲပေါ့ အရပ်ဝတ်တွေနဲ့ လူခုနှစ်ဆယ်၊ရှစ်ဆယ်လောက်ရှိတယ်။ကျွန်တော်တို့ကို Town Ace ကားပေါ်ကို အတင်းထိုးတင်တယ်။ ဝင်းအပြင်ဘက်ကို အဓမ္မဆွဲထုတ်တာပေါ့။ ကျန်ခဲ့တဲ့ ကားနှစ်စီးကို သော့တောင်းပြီး အပြင်ထုတ်ပေးတယ်။ အခု အပြင်က တည်းခိုခန်းမှာ နေနေပါတယ် " လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။

စည်ပင်ဧည့်ရိပ်သာက အမတ်တွေကို ဇန်နဝါရီ ၆ရက်အထိ နေထိုင်ဖို့ တပ်မတော်က သဘောတူထားပေမယ့် ဒီနေ့ ညနေ ၆နာရီနောက်ဆုံးထားထွက်ပေးဖို့ ညနေအစောပိုင်းက ပြောကြားခဲ့ပြီး ရိပ်သာကို မီးနဲ့ရေ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကိုယ်စားလှယ် ငါးဦးက အိမ်ပြန်ဖို့ စောင့်ဆိုင်းနေဆဲဖြစ်လို့ ညဦးပိုင်းမှာ အင်အားသုံးဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

" မနက်ကျရင်တော့ ကျန်ခဲ့တဲ့ ပစ္စည်းတွေယူဖို့ ပြန်ပေးဝင်မလား မပေးဝင်မလား သူတို့ရဲ့ ကတိတွေက ဘယ်လိုတည်သလဲဆိုတာ ပြည်သူလူထုစဉ်းစားဖို့။ပြည်သူလူထုက သိထားပြီးသားပါ။ သူတို့ထုပ်ပိုးပေးလည်း အကုန်ထိုးထည့်မှာ။သူတို့ပြောထားတဲ့ကတိအတိုင်း မနက်ကျရင် ၇နာရီ၊ ၈နာရီလောက် စည်ပင်ဝင်းထဲပြန်ဝင်မယ်။ပေးမဝင်ရင်တော့ သူတို့ကတိချိုးဖောက်တာပေါ့" လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။

စည်ပင်ရိပ်သာကို မီးနဲ့ရေဖြတ်တောက်ပြီးတဲ့နောက်မှာတော့ NLDပါတီရဲ့ CEC ဒေါက်တာမေဝင်းမြင့် ၊ ဦးအောင်ကြည်ညွန့် တို့နဲ့အတူ ကျန်ရှိနေတဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးထွန်းမြင့် ၊ ဦးဘမျိုးသိန်း ၊ ဦးစိုးဝင်း(ခ)ဦးစိုးလေးတို့ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။



က္က