သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုတွေမှာ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။
Ei Ei Mar

NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ တာဝန်ခံတစ်ဦးရဲ့ တာဝန်ပေးချက်အရ တရားလွှတ်တော််ရှေ့နေ ဦးခင်မောင်ဇော်က သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုတွေမှာ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်မယ်လို့ သိရပါတယ်။ 

ရှေ့နေလိုက်ပေးဖို့အတွက် ပါဝါယူရန်အတွက် လက်မှတ်ထိုးပေးဖို့ လူလွှတ်ထားဆဲဖြစ်လို့ တွေ့ဆုံလက်မှတ်ရယူခွင့် ရယူခွင့်ရှိမရှိမသိသေးဘူးလို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။



"ဒီကနေ့သွားတဲ့ဟာ အောင်မြင်ချင်မှအောင်မြင်မယ်။ တွေ့ချင်မှတွေ့ရဦးမှာပေါ့။ ပါဝါလက်မှတ်ထိုးပြီးပေးတာကလည်းပဲ လူတွေ့ပြီးတော့ သူတို့ရဲ့ညွှန်ကြားချက်တွေယူဖို့ ရှိသေးတာကိုး။ တွေ့ရဖို့က ကျွန်တော်တို့ ကြိိုးစားပြီးတောင်းသွားမှာပါ။ မတွေ့ရရင်လည်းပဲ ရုံးထုတ်တဲ့နေ့က တွေ့ရမှာပေါ့" လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ တို့နဲ့ တရားစွဲဆိုထားတာတာဖြစ်ပြီး စွဲဆိုထားတဲ့အမှုနှစ်ခုစလုံးက ခိုင်လုံမှုမရှိဘူးလို့ လည်း ဦးခင်မောင်ဇော်က ပြောပါတယ်။

"သမ္မတကြီး ဦးဝင်းမြင့်ကို စွပ်စွဲထားတာက ၂၀၁၃ သဘာဝဘေးအန္တရာယ် စီမံထိန်းသိမ်းမှု ဥပ‌ဒေနဲ့ စွဲတယ်။ ဥပဒေပုဒ်မ ၂၅ နဲ့ စွဲတယ်။ ပုဒ်မ ၂၅ က သဘာဝဘေးအန္တရာယ်ဖြစ်အောင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အောင်လုပ်တယ်။ ဖြစ်စေအောင်ဆိုတာက ဒီလူအုပ်ကြီး ဖြစ်စေအောင်လုပ်တဲ့သူတွေကတော့ ရှိကောင်းရှိနိုင်တယ်။ ဘာခွင့်ပြုယူလဲ မယူဘူးလဲဆိုတာ ကျွန်တော်မသိဘူး။ အဲဒီလူတွေကတော့ ပုဒ်မ ၂၅ နဲ့ ငြိကောင်းငြိနိုင်တယ်။ သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လောက်အောင် အလားအလာရှိတယ်ဆိုရင်တောင်မှ အဲဒီလူတွေကို စုတဲ့သူတွေပဲ။ အခုဟာက လူတွေစုပြီးတော့ သူ့အိမ်ရှေ့က ဖြတ်တယ်။ ထွက်ပြီး သူနဲ့သူ့ဇနီးလက်ကလေးပြနေတယ်။ ဒါပဲ။ အဲဒီတော့ အဲဒီကိစ္စနဲ့ကတော့ မငြိဘူး" လို့ ဆိုပါတယ်။

ဒါ့အပြင် သမ္မတကို တရားမကြောင်း ရာဇဝတ်ကြောင်းအရ မည်သည့်အရာမှ ဖြေရှင်းဖို့အတွက် တာဝန်မရှိစေရလို့ အခြေခံဥပဒေမှာလည်း ဆိုထားပါတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မကလည်း ‌ဒေါ်အောင်ဆန်းစုကြည်က အဆိုပါဆက်သွယ်ရေးပစ္စည်းများကို သွင်းလာတဲ့သူလည်းမဟုတ်သလို အသုံးပြုလည်းမဟုတ်ဘူးလို့ ဆိုပါတယ်။

"ဒီဟာတွေသုံးနေတာက သူ့ရဲ့ကိုယ်ရံတော်တပ်ဖွဲ့။ သူ့ကိုယ်ရံတော်တပ်ဖွဲ့ဆိုတာက နိုင်ငံက ခန့်ထားတဲ့ ကိုယ်ရံတော်တပ်ဖွဲ့။ သူခန့်ထားတာမဟုတ်ဘူး။ သူ့အလုပ်သမားမဟုတ်ဘူး။ အဲဒီတော့ သူက အဲဒီဟာကို တာဝန်ရှိမယ်လို့ ကျွန်တော်က မယူဆဘူး" လို့လည်း ရှေ့နေကြီး ဦးခင်မောင်ဇော်ကဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့၊ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ စွဲဆိုထားပြီး ဒက္ခိဏခရိုင်တရားရုံးက ချုပ်ရမန် ၁၄ ရက် ( ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ) ပေးလိုက်တာဖြစ်ပါတယ်။ အဆိုပါ အမှုနှစ်ခုစလုံးက ပြစ်ဒဏ်အနေနဲ့ ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သော အမှုများဖြစ်တယ်လို့ သိရပါတယ်။


Author


က္က