ဖေဖော်ဝါရီ ၈ရက် မနက် ၆ နာရီတွင် ပြည်သူများ စတင်လာရောက်ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။

ကိုဗစ်၁၉ရောဂါကာလအတွင်း ပြည်သူတွေလာရောက်ဖူးမြော်ခွင့် ခေတ္တပိတ်ပင်ထားတဲ့ ရွှေတိဂုံစေတီတော်ကို ဖေဖော်ဝါရီ၈ရက်ကစတင်ပြီး ပြန်လည်ဖူးမြော်ခွင့်ပြုတော့မယ်လို့ စေတီတော် ဂေါပကအဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီမှာ ဆရာတော်ကြီးများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲကျင်းပပြီးချိန်ကစလို့ ပြည်သူတွေလာရောက် ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။



" ၈ရက်နေ့ ဖွင့်မှာ သေချာတယ်။ အကြမ်းဖျင်းပြောရရင် မနက်ပိုင်းမှာ ဆရာတော်၊သံဃာတော်ကြီးတွေနဲ့ ထေကြီးဝါကြီးတွေနဲ့ ဖွင့်ပွဲလုပ်မယ်။ ဖွင့်ပွဲက ၅နာရီလုပ်မှာ။ လူထုက အဲဒီနောက် ပိုင်းကစပြီး မနက်၆နာရီ ၇နာရီဖြစ်သွားမှာပေါ့ အဲဒီအချိန်ကစပြီး ဖူးလို့ရပါမယ် " လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက Duwun ကို ပြောပါတယ်။

ရွှေတိဂုံစေတီတော်ကို မူလက ပြန်လည်ဖွင့်လှစ်ရာမှာ ကိုဗစ်၁၉ စည်းမျည်းသတ်မှတ်ချက်တွေနဲ့ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် ယခုပြန်လည်ဖွင့်လှစ်မယ့် အစီအစဉ် အသေးစိတ် ကိုတော့ မနက်ဖြန် ဖေဖော်ဝါရီ ၆ရက်မှာ သာသနာရေးဝန်ကြီးဌာနက ကြေညာပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

" အသေးစိတ်ကိုတော့ ကျွန်တော်တို့လည်း ကောင်းကောင်းမသိသေးဘူး။ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်မှာ။ မနက်ဖြန်သတင်းစာမှာ ပါလိမ့်မယ်။အသေးစိတ်တော့ အဲဒီမှာပဲ ပါလိမ့်မယ် " လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက Duwun ကို ပြောပါတယ်။ ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်မြို့ရဲ့ အထင်ကရစေတီပုထိုးတွေကို ကိုဗစ်ပထမလှိုင်း စတင်ချိန်ကတည်းက ဖူးမြော်ခွင့် ပိတ်ထားခဲ့တာဖြစ်ပြီး ကိုဗစ်စည်းကမ်းတွေနဲ့ အညီ ပုံစံသစ်နဲ့ စာရင်းပေးဖူးမြော်ဖို့ ၂၀၂၀ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော် ပြန်ဖွင့်ပြီဆိုပါက လာရောက်ဖူးမြော်လိုသူတွေအနေနဲ့ ရင်ပြင်တော်မှာ အချိန် တစ်နာရီခန့်သာနေပြီး ဖူးမြော်ခွင့်ရမယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ဒီဇင်ဘာလနှောင်းပိုင်းက ပြောကြားခဲ့ဖူးပေမဲ့ ယခုပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ ထားရှိမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က