ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုလည်း ဖွဲ့စည်းပြီး ဖြစ်တယ်လို့ သိရပါတယ်။
Htar Htar Wai

၂၀၂၀ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၃၀၀ကျော်က ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အရေးပေါ် အစည်းအဝေးကို Online Conferencing စနစ်နဲ့ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးကနေ လွှတ်တော်နဲ့ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်မယ့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။



" ဒီနေ့ ကျမ်းသစ္စာကျိန်တဲ့ကိုယ်စားလှယ်တွေအကုန်လုံး သဘာပတိရှေ့မှောက်မှာ ကတိသစ္စာပြုတယ်။အဲဒီနောက်မှာ ကျွန်မတို့ လွှတ်တော်အစည်းအဝေးကို ၉ ချက်နဲ့ ကျင်းပတယ်။ နိုင်ငံတကာတွေလည်း ခေါ်ထားတယ်။ တစ်ခါတည်း အဲဒီမှာပဲ ထုတ်ပြန်ချက်ထုတ်တယ်။ အားလုံးသဘောတူညီကြောင်းလုပ်ပြီး ရှေ့ဆက်ပြီး ပါလီမန်နဲ့ပတ်သက်ပြီး လုပ်သွားမယ့် ကိစ္စတွေကို ဒီအဖွဲ့က ဦးဆောင်ပြီး လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတာကို အသိပေးတဲ့ ကြေညာချက်ပေါ့။ ပြီးတော့ တောင်းဆိုချက်တွေပါတယ် " လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ဆူးနစ်(NPT) ( စည်ပင်ရိပ်သာတွင် ရွေးကောက်ခံကိုယ်စားလှယ်များ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အတွက် ကျမ်းသစ္စာကျိန်ဆိုခြင်း)

ဒီနေကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား ၊ တောင်းဆိုချက် ၁၀ ချက်ပါ သဘောထားထုတ်ပြန်ကြေညာချက်ကိုလည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက်မှာတော့ စစ်အစိုးရအဖွဲ့က ဖွဲ့စည်းတဲ့ အဖွဲ့အစည်း ၊ ဝန်ကြီးဌာန ၊ အစိုးရအဖွဲ့ကို အသိအမှတ်မပြုကြောင်းနဲ့ ၎င်းအစိုးရအဖွဲ့အား တရားမဝင်ကြောင်း ကြေညာခြင်း ၊  ပြည်သူတို့ယုံကြည်အပ်နှံလိုက်တဲ့ တာဝန်တွေကို ဦးလည်မသုန်ထမ်းဆောင်နိုင်ရေး ၊ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအားလုံး အမြန်ဆုံးနဲ့ချွင်းချက်မရှိ လွတ်မြောက်ရေး ၊ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် International Parliamentary Union-IPU ၊ AIPA -ASEAN Interparliamentary Organization ၊ နိုင်ငံတကာပါလီမန်များနဲ့ နိုင်ငံတကာသံတမန်တွေက ယခုဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုသာ တရားဝင်ဆက်သွယ်ဖို့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။


Author


က္က