လက်ရှိဆေးရုံတွင် တက်ရောက်ကုသလက်စလူနာတွေကိုသာ ကျန်ရှိဆရာဝန်အချို့က ကုသပေးမယ်လို့ သိရပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ ၆ ရက်က စတင်ပြီး ပုသိမ်ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်တွေ Civil Disobedience Movement ပြုလုပ်ကြမှာဖြစ်လို့ လူနာသစ်ထပ်လက်ခံတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိလူနာတွေကိုပဲ ဆေးရုံမှာကျန်တဲ့ ဆရာဝန်အချို့က ကုသပေးမှာဖြစ်ပြီး Civil Disobedience Movement မှာပါဝင်တဲ့ ဆရာဝန်တွေက ပြင်ပမှာ ယာယီဆေးခန်းပြုလုပ်ပြီး ကုသပေးကြမယ်လို့ ဆိုပါတယ်။



" ဆေးရုံကတော့ တက်လက်စလူနာတွေကို ဆက်ကုမယ်။ လူနာသစ်ကိုလက်မခံတော့ဘူး။ ပြင်ပလူနာ (OPD)ကြည့်တာတွေလည်း ရပ်ပစ်လိုက်မှာပါ။ အဲဒီလူနာတွေက ဆရာတို့ ယာယီဆေးခန်းကို လာပြလို့ရတယ်။ အဲဒီမှာလည်း အခု လှုပ်ရှားမှုပြုလုပ်တဲ့ ဆရာဝန်တွေက ကုသမှုလုပ်မယ်။ ဆေးရုံအုပ်ကြီးရဲ့ အရိပ်အောက်မှာမဟုတ်တော့ဘူး။ အပြင်မှာ သပ်သပ်ခွဲထုတ်လိုက်တာဖြစ်ပါတယ် " လို့ ပုသိမ်ဆေးရုံကြီးက အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစစ်တင်က Duwun ကို ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ပုသိမ်ဆေးရုံက လက်ထောက်ဆရာဝန်တွေ ပြုလုပ်ကြမှာဖြစ်ပြီး ဆေးရုံမှာတော့ ဆေးရုံအုပ်ကြီးနဲ့ အထူးကုဆရာဝန်အချို့ ကျန်ရစ်ခဲ့မှာဖြစ်လို့ အရေးပေါ်လူနာ ရှိလာရင်တော့ ပုသိမ်ဆေးရုံကို လွှဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

" အဓိကက system breakdown ဖြစ်တာကို ပြချင်တာပါ။ဒီလိုအကျိုးဆက်ဖြစ်လာတာ စစ်အာဏာရှင်ကြောင့်ဖြစ်လာတယ်ဆိုတာ ပြချင်တာပါ။ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဝဲဂယက်မှာ လူနာတွေကို ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် ကောင်းစရာအကြောင်းမရှိဘူးလေ။ နိုင်ငံရေးလောကထဲကို ကလေးတွေ ဆင်းကြရတော့တာပေါ့ " လို့ ပုသိမ်ဆေးရုံကြီးက အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစစ်တင်က Duwunကို ပြောပါတယ်။

လက်ရှိမှာ ဆေးရုံပြသဖို့ အခက်အခဲရှိတဲ့ လူနာတွေကို စစ်ဆေးရုံမှာလာရောက်ပြသနိုင်တယ်လို့ တပ်မတော်က ထုတ်ပြန်ထားတဲ့အတွက် ပြင်ပမှာ လာရောက်ပြသပြီး ဆေးရုံတက်ဖို့ လိုအပ်တဲ့လူနာတွေ အပါအဝင် ကိုဗစ် ၁၉ လူနာတွေကိုလည်း စစ်ဆေးရုံကို လွှဲအပ်သွားမယ်လို့ သိရပါတယ်။



က္က