ဒီကနေ့ ဖေဖော်ဝါရီလ(၅) ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂထံ တိုက်တွန်းတောင်းဆိုခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ရေးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂနဲ့ကမ္ဘာ့နိုင်ငံတွေက အင်နဲ့အားနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။



ဒီကနေ့ ဖေဖော်ဝါရီလ(၅) ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂထံ တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပြီး အာဏာသိမ်းလူတစ်စု မတရားဖမ်းဆီးချုပ်နှောင်ထားခံရတဲ့ မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးလွတ်မြောက်ဖို့ ကြိုးပန်းဆောင်ရွက်ကြရန် တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် မြန်မာပြည်သူတို့ရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ လည်းကောင်း၊ ဘယ်လိုမှမညီညွှတ်တဲ့ နိုင်ငံတော်အာဏာကို မတရားရယူခဲ့တဲ့ အာဏာသိမ်းလူတစ်စုကို အသိအမှတ်မပြုဘဲ ပြည်သူတွေရဲ့ ဆန္ဒအမှန်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရေး အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ခြင်း အလျဉ်းကင်းတဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့ အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်ရပ်တည်ခဲ့ရကြောင်း၊ (၂၀၂၁) ခုနှစ်မှာမှ ဒီမိုကရေစီကို ပြန်လည်ကူးပြောင်းကာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ စတင်ရရှိလာခဲ့တာဖြစ်ကြောင်း၊ 

(၂၀၁၅) အထွေထွေရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရ လက်ထက်မှာ လွတ်လပ်မှုတွေ၊ လူ့အခွင့်အရေးတွေ၊ လူနေမှု အဆင့်အတန်းတွေ ပိုမိုတိုးတက်လာခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြောင်းအလဲတွေကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်းကိုလည်း တောင်းဆိုချက်မှာရေးသားထားပါတယ်။

အဲဒီလို မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ ဖြာသန်းလာတဲ့အချိန်မှာ စစ်ခေါင်းဆောင်တစ်စုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ရေးနှင့် လူ့အခွင့်အရေးတွေကို လုံးဝဆိတ်သုဉ်းပျောက်ကွယ်စေမယ့် လက်နက်နဲ့ အာဏာသိမ်းယူအုပ်ချုပ်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရကြောင်း ဖော်ပြပါတယ်။

အာဏာသိမ်းတပ်မတော်ခေါင်းဆောင်အချို့ဟာ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဒီချုပ်ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာကို မသိရဘဲ ဒီကနေ့ အထိ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်အစည်းအဝေးတွေ တက်ရောက်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ သက်ဆိုင်ရာနေရာကို ရောက်ရှိချိန်မှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင်အချို့က လွှတ်တော်ဥက္ကဌတွေကို မတရားဖမ်းဆီးထိန်းသိမ်းကာ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဥပဒေနဲ့ ဆန့်ကျင်ပြီး အတင်းအကျပ်ဖယ်ရှားပစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမ္ဘာ့ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။



က္က