ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ဖောက်သံကြောင့် DKBA တပ်ဖွဲ့ ရောက်ရှိလာခဲ့ပါတယ်။

မြဝတီမြို့မှာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ရော်ဘာကျည်နဲ့ ပစ်ဖောက်စုခွဲခဲ့ရာ လူတစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

“ လူတွေကတော့ အေးအေးဆေးဆေးပဲ ဆန္ဒပြကြတာပဲ။ သူတို့ဘက်ကို (ရဲတွေ) ပါဝင်ပူးပေါင်းဖို့ တော့ ခေါ်တာပဲ။ ပြီးတော့မှ သေနတ်တွေ ဖောက်ကြရော။ လူတစ်ယောက်တော့ ထိခိုက်သွားတယ်။ လူလတ်ပိုင်းလောက်ပဲ ။ ညာဘက်ခြမ်းကျောပြင်မှာတော့ ဒဏ်ရာရတယ်။ အရာကြီးကျန်ခဲ့တာပေါ့နော်။ ရာဘာကျည်နဲ့ ပစ်တာဆိုတော့” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုသူရိန်က Duwun ကို ပြောပြခဲ့တာပါ။



ဓာတ်ပုံ- ကိုသူရိန်

ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ဖောက်သံကြောင့် DKBA တပ်ဖွဲ့ ရောက်ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။ “သေနတ်ဖောက်သံကြားတော့ ရောက်လာတယ်။ အဲဒီအချိန်ကျတော့ ရဲတပ်ဖွဲ့က နည်းနည်း လက်လျှော့သွားတယ်” လို့လည်း ကိုသူရိန်က ပြောပြပါတယ်။ အဆိုပါ ဆန္ဒပြပွဲမှာပါဝင်သူ လူငယ် (၆) ဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အခုချိန်ထိတော့ ပြန်မလွှတ်ပေးဘူးလို့ သတင်းရရှိကြောင်း ကိုသူရိန်က ပြောပြပါတယ်။

နေ့လယ် (၁၂) နာရီလောက်က စတင်ခဲ့တဲ့ အဆိုပါ ဆန္ဒပြပွဲမှာ လူအင်အား (၃၀၀) ကျော်လောက်ပါဝင်ခဲ့ပြီး နေ့လယ် (၁) နာရီခွဲဝန်းကျင်မှာ ပြီးဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ ဆန္ဒပြပွဲမှာ သေနတ်ပစ်ဖောက်ဖမ်းဆီးမှုအခြေအနေနဲ့ပတ်သက်ပြီး မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးကို Duwun က ဆက်သွယ်ရာမှာတော့ ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်မရခဲ့ပါဘူး။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကိုဒီကနေ့ ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ရန်ကုန်၊မန္တလေး အပါအဝင် မြို့ အများစုမှာ အရှိန်မြင့်ပြုလုပ်လာကြပြီး ပြည်သူ သောင်းနဲ့ချီ ပါဝင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။



က္က