ညတွင်းချင်း ပြန်လွတ်လာတာဖြစ်ပါတယ်။
Mi Thawdar Aung

မြဝတီမြို့မှာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူအားလုံး ဒီကနေ့ ညပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေ ဖမ်းဆီးခံရပြီးနောက် ပြည်သူတွေဟာ ရဲစခန်းရှေ့မှာ ဖယောင်းတိုင် မီးတွေထွန်းပြီး စောင့်စားကာ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြရာမှာ ဒီကနေ့ ဖေဖော်ဝါရီ (၇) ရက် ည (၇) နာရီဝန်းကျင်မှာပဲ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုသူရိန်က Duwun ကို အတည်ပြုပြောပါတယ်။ “ ပြည်သူတွေက အိမ်မပြန်တော့ဘဲ ရဲစခန်းရှေ့မှာ ဖယောင်းတိုင်တွေ ထွန်းပြီး စောင့်နေကြတာ။ ဒီည (၇) နာရီလောက်မှာပဲ အားလုံးကို လွှတ်ပေးလိုက်တယ်။ “ လို့ ကိုသူရိန်က ပြောပါတယ်။



Photo- Zay Yar Phyo

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း (၁၄) ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတေဇအောင်ကလည်း ပြောပါတယ်။ ဒီကနေ့ နေလယ်ပိုင်းက မြဝတီမြို့မှာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ပြည်သူအင်အား (၃၀၀) ကျော် ဆန္ဒထုတ်ဖော်ခဲ့ရာမှာ ရဲတပ်ဖွဲ့က ရော်ဘာကျည်နဲ့ ပစ်ဖောက်ဖြိုခွင်းခဲ့ရာမှာလူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ဖောက်သံကြောင့် DKBA တပ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး မပစ်ဖောက်ဖို့ သတိပေးပြီး ပြန်သွားခဲ့တယ်လို့လည်း သိရပါတယ်။ နေ့လယ် (၁၂) နာရီလောက်က စတင်ခဲ့တဲ့ အဆိုပါ ဆန္ဒပြပွဲမှာ လူအင်အား (၃၀၀) ကျော်လောက်ပါဝင်ခဲ့ပြီး နေ့လယ် (၁) နာရီခွဲဝန်းကျင်မှာ ပြီးဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။


Author


က္က