ပါတီအလံ၊ပါတီအကျီတွေကို မသုံးဖို့ ပါတီက တားမြစ်ခြင်းမရှိဘူးလို့ သိရပါတယ်။
Htar Htar Wai

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး (ပြုတ်ကျရေး)လူထုလှုပ်ရှားမှုဖြစ်တဲ့ အကြမ်းမဖက်ဆန္ဒဖော်ထုတ်မှုတွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီဝင်တွေအားလုံးပါဝင်ကြဖို့ NLD ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များအားလုံး ပြည်သူလူထုကြီးရဲ့ စစ်အာဏာရှင်ပြုတ်ကျရေး အကြမ်းမဖက်ဆန္ဒပြမှုများတွင် ပူးပေါင်းပါဝင်ကြပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဗဟိုပြန်ကြားရေး ဦးကြည်တိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့် ဒီကနေ့မနက်ပိုင်းမှာ ကြေညာလိုက်တာပါ။



မနေ့က ထွက်ပေါ်လာတဲ့ ပါတီနဲ့သက်ဆိုင်တာတွေ မသုံးဖို့ ဒေါက်တာအောင်မိုးညိုရဲ့ ပြောကြားချက်က အယောင်ဆောင်တွေ ပူးဝင်လာမှာစိုးရိမ်တဲ့အတွက် ပြောကြားချက်သာဖြစ်ပြီး နေရာ ၊ ဒေသ ၊ အခြေအနေအရ လူထုအနေနဲ့ ဆန္ဒဖော်ထုတ်ရာမှာ ပါတီအလံ၊ပါတီအကျီတွေ ဝတ်ဆင်သုံးစွဲနိုင်တယ်လို့ ပါတီဗဟိုပြန်ကြားရေးက ကြေညာထားပါတယ်။

လူထုအနေနဲ့ ဆန္ဒဖော်ထုတ်ရာမှာ ဆူပူလှုံ့ဆော်မှုတွေကို တားဆီးပြီး စိတ်လိုက်မာန်ပါမဆောင်ရွက်ဘဲ အယောင်ဆောင်ဆူပူလှုံ့ဆော်သူတွေ ဝင်လာမှာကို အထူးသတိပြု ကာကွယ်ရမှာဖြစ်ပြီး အကြမ်းမဖက်ဆန္ဒပြခြင်းရဲ့ မူလရည်ရွယ်ချက်ကို လုံးဝမပျက်ပြားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဗဟိုပြန်ကြားရေး ဦးကြည်တိုးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ တစ်ဆင့် ဒီကနေ့မနက်ပိုင်းမှာ ပြောကြားထားပါတယ်။

လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ခေါင်းဆောင်တွေ စစ်အာဏာရှင်လက်က လွတ်မြောက်ဖို့အတွက် ပြည်သူတွေရဲ့ အကြမ်းမဖက်ဆန္ဒပြမှုအပေါ်မှာ မူတည်နေပြီဖြစ်လို့ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ဆန့်ကျင်ကြဖို့အတွက် ပါတီက တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး( ပြုတ်ကျရေး)အတွက် လူထုလှုပ်ရှားမှုဖြစ်တဲ့ အကြမ်းမဖက် ဆန္ဒဖော်ထုတ်မှုတွေက ဖေဖော်ဝါရီ ၆ရက်မှာ စတင်ခဲ့တာဖြစ်ပြီး မနေ့က ဖေဖော်ဝါရီ ၇ရက်မှာတော့ တစ်နိုင်ငံလုံးပါဝင်လာပြီး မြို့၊နယ် အများစုမှာ ဆန္ဒဖော်ထုတ်ပွဲတွေကို လူအင်အား ထောင်သောင်းချီ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။


Author


က္က