နိုင်ငံ့ဝန်ထမ်းနဲ့မညီတဲ့ စာသားတွေကို FB မှာpost တင်ရေးသားခြင်း၊ commentပေးခြင်း၊ Likeပေးခြင်း၊ တဆင့်ပြန်လည် ဝေမျှခြင်းတွေ မပြုလုပ်ဖို့လည်း အသိပေးထားတာရှိပါတယ်။

နေပြည်တော်က အစိုးရဝန်ထမ်းတချို့ကို CDM မှာမပါဝင်ဖို့အတွက် ဖိအားပေးမှုတွေရှိနေတဲ့အပြင် ရုံးမတက်ပါက အရေးယူမယ်ဆိုပြီး ပြောဆိုတဲ့အထိ ရှိနေတယ်လို့ အစိုးရဝန်ထမ်းတချို့ရဲ့ပြောပြချက်အရသိရပါတယ်။

"လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန‌မှာလုပ်တာပါ၊ ဝန်ထမ်းတွေရုံးမဖြစ်မနေတက်ရမယ် ၊ မတက်ရင်အရေးယူမယ်ဆိုပြီးပြောလာပါတယ်။ ညွှန်ချုပ်ကနေစပြီးအောက်ခြေဝန်ထမ်းထိဖြစ်တယ်၊ပါးစပ်နဲ့ပဲပြောတာ၊စာတော့မထုတ်သေးဘူး။ လူကြီးတစ်ယောက်အနေနဲ့ခုလိုဖိအားပေးခံရတာမကြိုက်ဘူး၊ဒီလိုဖိအားပေးရင်ဒီလိုဖြစ်မယ်ဆိုတာသိအောင်ပြရတဲ့သဘောပါ။ ရုံးမတက်ရင် အလုပ်ထုတ်မယ်ဘာညာတော့မပြောသေးဘူး။"လို့ မြန်မာ့ရေနံနင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက ပြောပါတယ်။



ဒါ့အပြင် ရုံးလာတဲ့အခါ ယူနီဖောင်းမဝတ်ဘဲ တခြားအဝတ်အစားကိုသာ ဝတ်ဆင်လာဖို့ပြောဆိုတာရှိကြောင်း၊ အစိုးရရုံးတစ်ခုတစ်နဲ့တစ်ခု ညွှန်ကြားတဲ့ပုံစံတွေက မတူညီတာကိုလည်း သိရှိရပါတယ်။

"ယူနီဖောင်းမဝတ်ဘဲ ရိုးရိုးအဝတ်အစားနဲ့ရုံးတက်ဖို့ ညွှန်ကြားတာရှိတယ်။ ဒီညွှန်ကြားချက်အပေါ် အတိအကျတော့မသိထားသေးဘူး ။ နောက်ပြီး ဝတ်စုံအပိုယူလာဖို့၊သောက်နေကျဆေးယူလာဖို့ ဝန်ထမ်း တစ်ယောက်၊နှစ်ယောက်ကို့ပြောတယ်လို့လဲသိရတယ်။ တချို့ရုံးတွေကလည်း ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ယာကနေဖယ်ရှားတာတွေသတင်းတွေလွှင့်နေတယ်။ သတင်းတွေကတော့ လွှင့်နေတာပဲ။ တုန့်ပြန်မှုတွေကတော့ တဖြည်းဖြည်း တစ်ဆင့်နဲ့တစ်ဆင့်လာလိမ့်မယ်လို့ထင်တယ် ကျွန်တော််တို့ပြင်ဆင်ထားတယ်။ ကျွန်တော်တို့ကတော့ဒီကိစ္စကအဆုံးထိသွားရမယ့်ကိစ္စဖြစ်လို့ နောက်မဆုတ်တော့ဘူးလို့ပြောချင်ပါတယ်။ပြည်သူအစိုးရတက်တဲ့အထိ CDM မှာပါဝင်မယ်။ ဒီယန္တရားကြီး ဆက်လည်ပတ်နေအုံးမယ်ဆိုရင် ကျွန်တော််တို့နောင်အနာဂတ်မျိုးဆက်တွေမှာအများကြီးသက်ရောက်မှုရှိလိမ့်မယ်။ ဆိုးတဲ့သက်ရောက်မှူတွေ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီယန္တရားကြီးကိုအမြန်ဆုံးရပ်အောင် ကိုယ်နိုင်တဲ့ဘက်က အားအင်နဲ့ပခုံးချင်းယှဉ်ရပ်ကြမယ်"လို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီးဌာနက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦး ကပြောပါတယ်။

အစိုးရရုံးက ဝန်ထမ်းတချို့ကိုတော့ ဝန်ထမ်းစည်းကမ်းတွေလိုက်နာဖို့၊ CDM မှာပါမှုမပြုလုပ်ဖို့ ၊နိုင်ငံ့ဝန်ထမ်းနဲ့မညီတဲ့ စာသားတွေကို FB မှာpost တင်ရေးသားခြင်း၊commentပေးခြင်း၊Likeပေးခြင်း၊တဆင့်ပြန်လည် ဝေမျှခြင်းတွေ မပြုလုပ်ဖို့လည်း အသိပေးထားတာရှိတယ်လို့သိရပါတယ်။

CDM မှာပါဝင်နေတဲ့ အစိုးရဌာနကဝန်ထမ်းတွေကတော့ ဖိအားပေးမှုတွေအတွက် ပြင်ဆင်ထားကြောင်း၊ ပြည်သူ့အစိုးရအာဏာပြန်ရတဲ့အထိ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာရှိတဲ့ အစိုးရဝန်ကြီးဌာနတွေမှာ လုပ်ကိုုင်နေကြတဲ့ ဝန်ထမ်းတချို့ကတော့ ဖိအားတွေကြားထဲကနေ အာဏာရှင်ကိုဆန့်ကျင်ကြောင်း အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့ CDM လှုပ်ရှားမှုကို ဒီနေ့မှာစပြီး ဝန်ထမ်းအများစုပါဝင်နေကြပြီဖြစ်တယ်လို့သိရပါတယ်။ မန္တလေးမှာဆိုရင်လည်း စည်ပင်ဝန်ထမ်းတွေက CDM လှုပ်ရှားမှုမှာ စတင်ပါဝင်လာပြီဖြစ်ကြောင်း မန္တလေးမြို့တော််ဝန် ‌ဒေါက်တာရဲလွင်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ အသိပေးရေးသားထားပါတယ်။

စစ်အာဏာရှင်တွေကျဆုံးဖို့၊အာဏာရှင်ယန္တရားကို ရပ်တန့်နိုင်ဖို့အတွက် အစိုးရဝန်ထမ်းအားလုံးကို CDM လှုပ်ရှားမှု မှာပါဝင်ပေးဖို့ ပြည်သူလူထုကတောင်းဆိုနေကြသလို၊ တစ်နိုင်လုံးမှာလည်း ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က