လက်ရှိမှာတော့ အုပ်ချုပ်ရေးမှူးတွေက လက်မှတ်ထိုးထုတ်ပြန်နေပြီဖြစ်ပေမယ့် ရပ်ကွက်တွေမှာ လိုက်လံကြေညာမယ်လို့ သိရပါတယ်။
Htar Htar Wai

ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အသီးသီးမှာ ည ၈ နာရီကနေ မနက်၄ နာရီအထိ ညမထွက်ရအမိန့်နဲ့ ပုဒ်မ ၁၄၄ အရ လူ၅ဦး သို့မဟုတ် ၅ဦးထက်ပိုမစုဝေးစေရအမိန့်ကို ယနေ့ညက စတင်ပြီး ကြေညာမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံကနေ သိရပါတယ်။

လက်ရှိမှာတော့ မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေက အမိန့်စာကို လက်မှတ်ရေးထိုး ထုတ်ပြန်နေကြပြီ ဖြစ်ပေမယ့် အများပြည်သူ သိရှိစေဖို့ ယနေ့ညမှာ လိုက်လံကြေညာမယ်လို့ သိရပါတယ်။



" ကျွန်တော်တို့ ထုတ်ဖို့အတွက်တော့ ပြောထားပါပြီ။ ကြေညာတာတော့ ည ၉ နာရီ နောက်ပိုင်းလောက်မှ ကြေညာပါမယ်။ အမိန့်လက်မှတ်ရေးထိုးတဲ့အချိန်ကစပြီး စအသက်ဝင်မှာပါ။ ကျွန်တော်တို့ တရားဝင် မကြေညာသေးပါဘူး။ သက်ဆိုင်ရာ ရပ်ကွက်တွေထဲမှာ လိုက်ကြေညာတာတို့ ၊ ရပ်ကွက်က သင်ပုန်းတွေမှာ ကပ်တဲ့အချိန်မှ အတည်ဖြစ်မှာပါ " လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။

ကမာရွတ်မြို့နယ်အပြင် အခြားမြို့နယ်တွေမှာလည်း ထုတ်ပြန်ကြေညာဖို့ ပြင်ဆင်နေပြီး လက်ရှိအချိန်အထိတော့ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အားလုံးမှာတော့ တရားဝင်ကြေညာထုတ်ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ " ကျွန်တော်တို့ အခု ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ ညမှပဲ ကြေညာမှာပါ။ ဒီညကြေညာရင်တော့ ဒီညကစပြီး အမိန့်အသက်ဝင်မှာပေါ့ " လို့ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက Duwun ကို ပြောပါတယ်။

အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လူအချို့က ထိခိုက်ပျက်ပြားစေရန် ဆောင်ရွက်နေတာကြောင့် မြို့နယ်အတွင်း စုဝေခြင်း ၊ ဟောပြောခြင်း ၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြုပြီးဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း ၊ လှုံ့ဆော်ဆန္ဒပြခြင်း ၊ ဖျက်ဆီးခြင်း ၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်းတွေ မပြုလုပ်ဖို့နဲ့ မြို့နယ်အတွင်း လူ၅ ဦး သို့မဟုတ် ၅ ဦးထက် ပိုစုဝေးခြင်းမပြုဖို့ ၊ ည၈နာရီအချိန်ကနေ မနက်၄နာရီအထိ ညမထွက်ရ အမိန့်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ကြေညာမှာ ဖြစ်တယ်လို့ သိရပါတယ်။


Author


က္က