လက်ရှိမှာတော့ နေရေးထိုင်ရေးအခက်အခဲဖြစ်နေတဲ့ ၇ ဦးကို နေထိုင်စရာနေရာနဲ့ စားရေးသောက်ရေး ကူညီပေးထားတယ်လို့ ပြောပါတယ်။
Ei Ei Mar

စစ်ကိုင်းတိုင်း၊တိုင်းရုံးထွေအုပ်က ဝန်ထမ်း ၂၇ ဦး အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့ CDM လှုပ်ရှားမှုကိုပါဝင်ဖို့ ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး အလုပ်မဆင်းတော့ဘူးလို့ သိရပါတယ်။

"စစ်ကိုင်းတိုင်းထွေအုပ်က ၂၇ ယောက်ထွက်လာတယ်။ ADအပါအဝင်ပေါ့။၂၀ကတော့ သူ့အိမ်နဲ့ အမျိုးတွေနဲ့အဆင်ပြေတယ်ဆိုတော့ သူ့နေရာထိုင်ခင်းကို ပြန်ပို့လိုက်တယ်။ ၇ ယောက်ကတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့လာတဲ့အတွက်ကြောင့် နေရေးထိုင်ရေး စားဝတ်နေရး အကုန်ကူညီထားတယ်။ တစ်ကိုယ်ရေသုံးပစ္စည်းကအစ ထောက်ပံ့ပေးဖို့ လုပ်နေတယ်။ တစ်နေရာတည်း စုထားတယ်" လို့ မုံရွာမြို့က CDM လုပ်ရင်း အခက်အခဲကြုံသူတွေကို ကူညီပေးနေတဲ့အဖွဲ့မှ ကိုဖြိုးဝေကျော်က ပြောပြပါတယ်။



အဲ့ဒီ ထွေအုပ်ဝန်ထမ်း ၂၇ ဦးကို မုံရွာမြို့မှာပြုလုပ်နေတဲ့ CDM လုပ်နေရင်း အခက်အခဲကြုံသူတွေကို ကူညီဆောင်ရွက်ပေးနေသူတွေနဲ့ချိတ်ဆက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နေရေးထိုင်ရေးအခက်အခဲဖြစ်နေတဲ့ ၇ ဦးကို နေထိုင်စရာနေရာနဲ့ စားရေးသောက်ရေး ကူညီပေးထားတယ်လို့ ပြောပါတယ်။

"သူတို့က အပြင်ထွက်တော့ ဈေးဝယ် ကဒ်နဲ့ထွက်ရတာ၊ ထွက်ရင်းနဲ့ပြန်မဝင်တော့တာ။ အကူအညီ လှမ်းတောင်းလို့ သူတို့ကိုကူညီပေးထားတယ်၊ စားဖို့ သောက်ဖို့အကုန်ပေါ့။အဝတ်တထည်ကိုယ်တစ်ခုနဲ့ လာတဲ့အတွက် စောင် ၊ခြင်ထောင်ကအစပေါ့။ လောလောဆယ် သူတို့ကို အထက်ကလည်း အလုပ်ပြန်လာဆင်းရမယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် ကလေးတွေကတော့ ထွက်လာပြီးမှ ပြန်မသွားချင်တော့ဘူး ပြောတယ်။ဈေးဝယ်ကဒ်နဲ့ ထွက်ရတယ်ဆိုတာ အာဏာသိမ်းပြီးမှဖြစ်တာပေါ့"လို့ မုံရွာမြို့က CDM လုပ်ရင်း အခက်အခဲကြုံသူတွေကို ကူညီပေးနေသူများထဲမှ ကိုဒေါ်လာဦးကပြောပြပါတယ်။

စစ်အာရှင်လက်အောက်မှာအလုပ်ဆက်လက်မလုပ်လိုတာကြောင့် ပြည်သူတွေနဲ့အတူ အာဏာရှင်စနစ်ကိုတွန်းလှန်ဖို့အတွက် CDM လှုပ်ရှားမှုကို စတင်လုပ်ဆောင်တာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့က အခွန်ဦးစီးဌာနက ဝန်ထမ်းတွေမှာလည်းအလုပ်မလာပါက အလုပ်ကထုတ်ပစ်မယ်ဆိုပြီးပြောဆို ဖိအားပေးတဲ့ကိစ္စတွေရှိနေတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author


က္က