အာဏာသိမ်းပြီး (၈) ရက်မြောက်နေ့မှာ ပထမဆုံးအကြိမ် ပြည်သူကို မိန့်ခွန်းပြောခဲ့တာပါ။

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စိတ်ခံစားမှုထက် ပကတိအချက်အလက်များ၊ အမှန်တရားများကို ရှေးရှုပြီး လက်တွဲညီဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၈) ရက်နေ့ ည (၈) နာရီမှာ နိုင်ငံပိုင် မီဒီယာက ထုတ်လွှင့်တဲ့ နိုင်ငံတော် အခြေအနေအရပ်ရပ်အား ပြည်သူလူထုထံပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။



“ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပူးပေါင်းဖွဲ့စည်းမှု၊ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိနေပါတယ်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စိတ်ခံစားမှုထက် ပကတိ အချက်အလက်များ၊ အမှန်တရားများကို ရှေးရှုပြီး လက်တွဲညီဆောင်ရွက်သွားကြပါစို့လို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

ဒါ့အပြင် (၂၀၂၀) ရွေးကောက်ပွဲမှာ မဲစာရင်းကွာဟမှုတွေရှိနေတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လွှတ်တော်နဲ့ နိုင်ငံတော်သမ္မတတို့ မဲစာရင်းစစ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေက ပျက်ကွက်ခဲ့တာကြောင့် အရေးပေါ်အခြေအနေ ကြေညာကာ နိုင်ငံတာဝန်တွေကို ထမ်းဆောင်နေရခြင်း ဖြစ်တယ်လို့လည်း ၎င်းက ဆက်လက်ပြောပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးထားပြီး မဲစာရင်းတွေကိုလည်း မကြာခင် ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကိုဗစ်ကပ်ရောဂါအတွက် ပြည်သူတွေ လှူဒါန်းထားတာကို သိမ်းဆည်းထားပေးပြီး ထပ်မံလှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်သွားမှာဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကိုလည်း တစ်နိုင်ငံလုံးအနှံ့ ထိုးနှံပေးသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်အဖြစ် အုပ်ချုပ်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီးစီးပါက အနိုင်ရတဲ့ပါတီကို တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။ လက်ရှိမှာ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းပေးတဲ့ ကာလအတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး မူဝါဒကို လုံးဝမပြောင်းလဲသလို နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလည်း မထိခိုက်ဘဲ လုပ်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။

ဘုရားစေတီ၊ ဘာသာရေးအဆောက်အအုံတွေ ဖွင့်ပေးလိုက်ပြီး စာသင်ကျောင်းတွေကိုလည်း ကိုဗစ်စည်းမျဉ်းနဲ့အညီ ဖွင့်နိုင်ဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူတွေ ကျောင်းတက်ဖို့ ပြင်ဆင်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေး မထိခိုက်အောင် ဆက်သွယ်ရေးလမ်းကြောင်းတွေကို မပျက်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ပမှာ ဒုက္ခရောက်နေတဲ့သူတွေကို ပြန်ခေါ်မှာဖြစ်ကြောင်း၊ ဘင်္ဂလားဒေရှ့်ကို ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်မှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က