မပစ်ခတ်ပါဘူးလို့ ပြောပြီး ရှေ့တိုးလုံခြုံရေးယူထားရာကနေ အနောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
Htar Htar Wai

ပဲခူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်စုကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ မီးသတ်ပိုက်နဲ့ထိုးပြီး လူစုခွဲဖြိုခွင်းတာကြောင့် ရဲတပ်ဖွဲ့နဲ့ ပြည်သူထုအကြား တင်းမာမှုဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ဖြိုခွင်းဖို့ အသင့်အနေအထားနဲ့ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က စည်းကိုအရှေ့တိုးလာတာကြောင့် မြို့ခံလူကြီးတွေက အကြမ်းမဖက်ဖို့ ရဲတပ်ဖွဲ့ကို ညှိနှိုင်းခဲ့တဲ့နောက် မူလ လုံခြုံရေးယူထားတဲ့နေရာကို နောက်ပြန်ဆုတ်သွားတယ်လို့ ပဲခူးမြို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။



" ရွှေမော်ဓောဘုရားဝန်းထဲမှာ လူတွေစုတယ်။ စုပြီး ရွှေမော်ဓောဘုရားလမ်းကို ပတ်တယ်။ အဲဒီမှာ ဘုရားလမ်းကို သူတို့က ပိတ်ထားတယ်။ လိပ်ပြာကန်ဘက်ကို ဖောက်ထွက်တယ်။ ဖောက်ထွက်တော့လည်း အဲဒီဘက်ကို သူတို့က ပိတ်ထားတယ်။ပိတ်ထားတဲ့အတွက်ဆန္ဒပြလူတွေ အကုန်လုံးက သနပ်ပင်လမ်းက ပတ်ပြီး ဘုရားလမ်းကို ပြန်ဝင်တယ်။ရွှေမော်ဓော ဘုရားလမ်းမှာပဲ သပိတ်စခန်းထိုင်တယ်။ အဲဒီအချိန်မှာ သူတို့ ရေတွေနဲ့ထိုးတယ်။ပြီးတော့ သူတို့ရှေ့စည်းကို ကျော်လာတယ်။ရှေ့တိုးလာတယ်။ ထပ်တိုက်တွေ့တော့မယ့်အနေအထားပေါ့။ အကြာကြီးပဲ ။ ထိုင်သပိတ်ထိုင်တယ်။မြို့ခံလူကြီးတွေက ညှိပေးတော့ သူတို့က မပစ်ပါဘူးပေါ့ ။ မူလနေရာကို ပြန်ဆုတ်ပေးတယ်။ဆုတ်ပေးတော့ အေးချမ်းစွာ ဆန္ဒပြတယ်။ ပြန်ပတ်ပြီး တော့ တောင်ငူလမ်းဘက်ကနေ ဘုရားဝန်းထဲကို ပြန်ဝင်ကြတယ် " လို့ ပဲခူးမြို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ ပဲခူးမြို့မှာ ပြည်သူထုနဲ့အတူဆန္ဒဖော်ထုတ်ရာမှာပါဝင်တဲ့ အမတ်နှစ်ဦးနဲ့ ပြည်သူအချို့ကို ဖမ်းဆီးထိန်းသိမ်းတာကြောင့် တကသ၊ဗကသစစ်ကြောင်းတွေက လိုက်လံရှာဖွေဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ 

" အမတ်ဦးညွန့်ရွှေရယ် ဦးဇေလတ်ရယ် ပြည်သူသုံးယောက်လား လေးယောက်လားမသိ အဖမ်းခံထားရတယ်။အခုက တကသ ၊ ဗကသအဖွဲ့တွေက လိုက်မှာ ။ ဘယ်မှာဖမ်းထားမှန်းမသိလို့ လိုက်မှာ။ ဘုရားဝန်းထဲမှာတော့ လူအင်အားအများကြီး ကျန်သေးတယ် " လို့ ပဲခူးမြို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။

လက်ရှိနောက်ဆုံးရသတင်းအရ မနက်က ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ယခုမွန်းလွဲပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် ပဲခူးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေက ရွှေမော်ဓောဘုရားဝန်းထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က