လူနာနှစ်ဦးအနက် တစ်ဦးမှာ အခြေအနေစိုးရိမ်ရဟုဆို

နေပြည်တော်က ဆန္ဒပြမှုမှာ ထိခိုက်ဒဏ်ရာရရှိသွားသူတွေကို နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှာ ကုသမှုပေးနေရာမှာ တပ်မတော်စစ်ဆေးရုံဘက်ကို လွှဲပြောင်းပေးဖို့ ကျန်းမာရေးဝန်ကြီးကနေ ဆေးရုံအုပ်ကြီးကတစ်ဆင့် ညွှန်ကြားလာတယ်လို့ သိရပါတယ်။

လက်ရှိ ကုတင် (၁၀၀၀) ဆေးရုံမှာ ကုသပေးနေတဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေကတော့ လူနာအခြေအနေ စိုးရိမ်ရတာကြောင့် လွှဲပြောင်းပေးခြင်းမရှိဘဲ ဆက်လက်ကုသပေးနေတယ်လို့ အဆိုပါ ဆေးရုံမှ CDM လုပ်နေတဲ့ ဆရာဝန်တစ်ဦးက Duwun ကိုပြောပါတယ်။



“ လောလောဆယ်ကတော့ တစ်ယောက်ကတော့ ဦးခေါင်းကိုကျည်ထိမှန်တယ်။။ နောက်တစ်ယောက်ကတော့ ရင်ဘက်ကိုပါ။ အဲ့နှစ်ယောက်လုံး အရေးပေါ်ဌာနကို ရောက်တဲ့အချိန်မှာ အထက်က ဆေးရုံအုပ်ကတစ်ဆင့်လာပြောတယ်။စစ်ဆေးရုံဘက်ကို လွှဲပြောင်းပေးဖို့ ဆိုပြီးတော့ ။ ကျွန်တော်တို့ရဲ့ ခွဲစိတ် ဆရာဝန်ကြီးတွေကတော့ လူနာအခြေအနေကလည်း စိတ်ပူရတယ် ဆိုတဲ့အခါကျတော့ ဆရာကြီးတွေက မပြောင်းရွှေ့ပေးနိုင်ဘူးလို့ တင်းခံထားပါတယ်။ လူနာတွေကိုကုတင် (၁၀၀၀)မှာပဲ အရေးပေါ်ကုသမှုပေးနေပါတယ်။” လို့လည်း အဆိုပါ ဆရာဝန်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ခေါင်းကို ကျည်ထိမှန်သွားတဲ့ တစ်ဦးက အသက် အန္တရာယ် စိုးရိမ်ရပြီး ရင်ဘတ်ကိုကျည်ထိမှန်သွားတဲ့ တစ်ဦးကတော့ အသက်အန္တရာယ်စိုးရိမ်စရာအခြေအနေ မရှိဘူးလို့လည်း သိရပါတယ်။ “ ခေါင်းကို ထိတဲ့တစ်ယောက်က စိုးရိမ်ရတယ်။ ကျွန်တော်တို့ ဆေးပညာ အခေါ်အဝေါ်အရ GSC (3) ပေါ့။ ရှင်းရှင်းပြောရရင် ကွယ်လွန်ခါနီး အနေအထားလို့ ပြောလို့ရပါတယ်။ နောက်တစ်ယောက်ကတော့ ရင်ဘတ်က ကျည်က ထုတ်ချည်းပေါက်သွားတာပါ။လောလောဆယ်သူက စိုးရိမ်စရာမရှိဘူး” လို့လည်း အဆိုပါ ဆရာဝန်က ပြောပြပါတယ်။

ဦးခေါင်းကို ကျည်ထိမှန်သွားသူက အသက် (၂၃) နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ရင်ဘတ်ကို ကျည်ထိမှန်သွားသူကတော့ အသက် (၂၀) အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံမှာတော့ ဆရာဝန်တွေ CDM လုပ်နေတဲ့အခြေအနေကြောင့် ကျန်တဲ့လူနာတွေကို မကုသပေးနိုင်သေးဘဲ အဓိကက အရေးပေါ်လူနာတွေကို ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ဆန္ဒပြပွဲမှာ ထိခိုက်ဒဏ်ရာရထားတဲ့ အသက်ကယ်လူနာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို လက်ခံကုသပေးနေတယ်လို့ သိရပါတယ်။



က္က