နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ (၂၀၂၁)ကို ပြဌာန်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
Mi Thawdar Aung

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်(၅)နှစ်ထပ်မံတာဝန်ထမ်းဆောင်နိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ (၂၀၂၁) ကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်ကြောင်း ထုတ်ပြန်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

၂၀၂၀ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ပြည်သူတွေတစ်ခဲနက်ထောက်ခံမှုရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံအဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်ကြောင်း ဒီကနေ့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ (၂၀၂၁) ဟာ ဧပြီလ (၁) ရက်နေ့ကစတင်ကာ အာဏာတည်စေရမည်ဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးသက်တမ်းကလည်း ဒီဥပဒေစတင်ကာ အာဏာတည်တဲ့နေ့ကစလို့ ငါးနှစ်အထိ ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး အနိုင်ရ NLD ပါတီထံမှ စစ်အစိုးရက အာဏာသိမ်းခဲ့မှုကြောင့် လွှတ်တော်အစည်းအဝေးကို မကျင်းပနိုင်ခဲ့ပေမယ့် ပါတီကရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မိမိအစီအစဉ်တွေနဲ့ ကတိသစ္စာပြုလွှာတွေမှာ လက်မှတ်ရေးထိုးပြီး နိုင်ငံတာဝန်တွေကိုထမ်းဆောင်လျှက်ရှိသလို Online ကနေပြီး လွှတ်တော်အစည်းအဝေးတွေကို ကျင်းပဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

ယခုအခါမှာလည်း လွှတ်တော်အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ စစ်အာဏာသိမ်းမှုကို အနိုင်ရပါတီအပါအဝင် နိုင်ငံရေးပါတီအများစုကလည်း လက်ခံခြင်းမရှိသလို နိုင်ငံတဝှမ်းက သိန်းသန်းချီသော ပြည်သူလူထုကလည်း ကန့်ကွက်ဆန္ဒဖော်ထုတ်နေကြပါတယ်။

အာဏာသိမ်းစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် အနိုင်ရပါတီခေါင်းဆောင်တွေကို ဖမ်းဆီးကာ အကျယ်ချုပ်ချထားပြီး ပြည်ထောင်စုအဆင့် အစိုးရတာဝန်နေရာတွေမှာလည်း အစားထိုးခန့်အပ်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။




Author


က္က