ရင်ဘတ်ကို ကျည်ထိမှန်တဲ့ အမျိုးသားက အခြေအနေကောင်းမွန်ဟုသိရ
Mi Thawdar Aung

နေပြည်တော် ဆန္ဒပြမှုမှာ ရဲတွေရဲ့ သေနတ်ပစ်ခတ်မှုကြောင့် ဦးခေါင်းသေနတ်မှန်ထားတဲ့ မိန်းကလေးငယ်မှာ နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာရှိနေပြီး အခြေအနေ တိုးတက်လာတာမရှိဘူးလို့ အဆိုပါ ဆေးရုံမှာ ဆရာဝန်တစ်ဦးက Duwun ကို ပြောပါတယ်။

ရင်ဘတ်ကို ကျည်ထုတ်ချင်းပေါက် ထိမှန်သွားတဲ့ အသက် (၂၃) နှစ်အရွယ် အမျိုးသားကတော့ အခြေအနေလုံးဝကောင်းမွန်သွားပြီး လက်ရှိအထိတော့ ဆေးရုံမှာ စောင့်ကြည်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ 



“ ညီမလေးကတော့ အထူးကြပ်မတ်ကုသဆောင်ထဲ ရှိပါတယ်။ အခြေအနေက တိုးတက်လာတာလည်း မရှိဘူး။ ဆုတ်ယုတ်သွားတာလည်းမရှိဘူး။ ဆုံးသွားတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရင်ဘတ်ကျည်ထိတဲ့ ကောင်လေးကတော့ အသက်အန္တရာယ် မရှိတော့ပါဘူး။ စိတ်ချရတဲ့အနေအထားဖြစ်သွားပါပြီ” လို့ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှ ဆရာဝန်က ပြောပါတယ်။

နေပြည်တော်မှာတော့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ အများစု CDM လုပ်ထားတာကြောင့် ဆေးရုံတွေမှာ မကုသပေးနိုင်ဘဲ အထိဂရုဏ်းဆန္ဒပြမှုတွေ ဖြစ်ပွားနိုင်တဲ့ နေရာတွေကို ဖြန့်ကျက်ပြီး ဆေးကုသမှုပေးနိုင်အောင်စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ " အထိဂရုဏ်းဖြစ်နိုင်တဲ့နေရာကို ဖြန့်ကျက်ပြီး ဆရာဝန်တွေက medical cover လုပ်ပေးနေတယ်။ အကုန်လုံးက ပရဟိတသဘောမျိုးကုပေးနေတာပေါ့။ CDM လုပ်ထားတာဆိုတော့ ဆေးရုံတွေကိုတော့ မသွားဘူး။ မနေ့ကတော့ ပြင်းထန်ဒဏ်ရာ အနေအထားမျိုးမို့လို့ အထူးကုဆရာဝန်ကြီးတွေက ချက်ချင်းပြန်လာပြီးတော့ ကုသမှုပေးခဲ့တာပါ” လို့ ဆိုပါတယ်။

မနေ့က နေပြည်တော်သပြေကုန်းဝိုင်းအနီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲမှာတော့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပြီး ဦးခေါင်းကျည်ထိမှန်သွားတဲ့ အသက် (၂၀) အရွယ် အမျိုးသမီးငယ်ကတော့ (၁၀၀) ရာခိုင်နှုန်း သေဆုံးနိုင်တဲ့ အနေအထားကို ရောက်ရှိသွားတယ်လို့လည်း သိရပါတယ်။


Author


က္က