ပြည်သူတွေအနေနဲ့လည်း ကော်မတီကိုအထောက်အထားတွေပေးပို့နိုင်တယ်လို့ ဆိုပါတယ်။
Ei Ei Htun

စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းနေတာနဲ့ပတ်သက်လို့ ပစ်ခတ်မှုကျူးလွန်တဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူနဲ့ စစ်အာဏာသိမ်းခေါင်းဆောင်များကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၉)ရက်နေ့ မနေ့က နေပြည်တော်အပါအဝင်၊မန္တလေးနဲ့တခြားမြို့တွေမှာ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့ဘက်က ရေအမြောက်နဲ့လူစုခွဲခဲ့သလို မျက်ရည်ယိုဗုံး ၊ ကျည်အစစ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒီလုပ်ရပ်က အင်မတန်မှရုပ်ဆိုးလွန်းတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြကော်မတီမှ ဦးလွင်ကိုလတ်က Duwunကိုပြောပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို အကြမ်းဖက်မဖြိုခွဲဖို့ဆိုတာက နိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်က ကြေညာချက်ထုတ်ထားပြီးသား။ ဒီကြားထဲကမှ ပြည်သူတွေကို အခုလိုလုပ်တဲ့လုပ်ရက်က အင်မတန်မှရုပ်ဆိုးလွန်းတယ်။ အင်မတန်အကျည်းတန်လွန်းတယ်။ ဒါကြောင့် အစ်ကိုတို့အဖွဲ့အစည်းက ဒါကိုပြင်းပြင်းထန်ထန်ရှုံချကြောင်းကို ထုတ်ပြန်ထားတာပါ”လို့ဦးလွင်ကိုလတ်ကပြောပါတယ်။

ပြည်သူများအနေနဲ့ကလည်း အာဏာသိမ်းစစ်အုပ်စုအပေါ် ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှာ ပြည်သူတွေကို အကြမ်းဖက်တဲ့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ တရားဝင် emailဖြစ်တဲ့ 

crph.official.mm@gmail.com နှင့် Facebook page - https://www.facebook.com/crph.official.mm ကို သတင်းပေးပို့ပေးဖို့ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်။

ပြည်သူတွေရဲ့ တင်ပြလာတဲ့ သက်သေအထောက်အထားအားလုံးကို စုစည်းပြီး ပြည်သူတွေအပေါ်ကျူးလွန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်အာဏာသိမိးခေါင်းဆောင်တွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းထုတ်ပြန်ချင်ကို ထုတ်ပြန်ခဲ့တဲ့အချိန်ကစလို့ email ကို သက်သေအထောက်အထားအချက်တွေ ပေးပို့လာလျှက်ရှိတယ်လို့လည်းသိရပါတယ်။



Author


က္က