ခြိမ်းခြောက်ခံရမှုကြောင့် ဝန်ထမ်းတစ်ချို့ ရုံးပြန်တက်နေရဟုဆို
Mi Thawdar Aung

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ မီးရထားဝန်ထမ်းတွေကို သက်ဆိုင်ရာအထက်အရာရှိတွေက အလုပ်ထုတ်မည်၊ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားမည်၊ စစ်ခုံရုံးတင်မည် စသဖြင့် ခြိမ်းခြောက်ဖိအားပေးကာ အတင်းအကျပ်အလုပ်ပြန်ဆင်းခိုင်းနေတယ်လို့ မီးရထားဌာနမှ CDM လုပ်နေတဲ့ ဝန်ထမ်းအချို့က Duwun ကို အတည်ပြု ပြောပါတယ်။  

တစ်နိုင်ငံလုံးမှ မီးရထားဝန်ထမ်းအများစုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုကို ယခုအပတ်အတွင်း စတင်ပြုလုပ်လာကြတာဖြစ်ပြီး အထက်အရာရှိအများစုက အလုပ်ပြန်တက်ဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။



“ မန္တလေး တိုင်း (၃) ၊ တောင်ငူ တိုင်း (၅) ရုံးက တာဝန်ခံတွေက သက်ဆိုင်ရာတိုင်းအလိုက် ရုံးတွေ၊ ဘူတာရုံတွေကို ဖိအားပေးတယ်။ ရုံးတက်ကြဖို့ပေ့ါ။ မတက်ရင် ထွက်စာတင်ခိုင်းမယ်။ အလုပ်ဖြုတ်မယ်ပေါ့။ အဲဒီလိုပြောတော့ ဒီနေ့ တိုင်း (၃) မှာဆို ဝန်ထမ်း (၂၃) ယောက် ရုံးပြန်တက်ရတယ်။ ဘူတာတွေကို လိုက်ပြီးတော့ ရုံပိုင်တွေကိုလည်း ခြိမ်းခြောက်တယ်။ အလုပ်ထုတ်မယ်လို့ ပြောတဲ့သူနှစ်ယောက်က သူတို့ရဲ့ အဆင့် (ရာထူး) က ဝန်ထမ်းတစ်ယောက်ကို ဖြုတ်ခွင့် ၊ ခန့်ခွင့် ရှိတဲ့ နေရာမဟုတ်ဘူး။ အဲဒါအပြင် တိုင်း (၁၀) ပခုက္ကူမှာလည်း အဲဒီက အရာရှိက ရုံးမတက်တဲ့သူတွေကို စစ်ခုံရုံးတင်မယ်လို့ ပြောတယ်။ ဒါက ပြောသင့်တဲ့စကားမဟုတ်ဘူး။ ဘောင်ကျော်သွားပြီ။ ဒီလို ခြိမ်းခြောက်တော့ ဒီနေ့ ဝန်ထမ်းတွေ ရုံးပြန်တက်ရတယ်" လို့ နေပြည်တော် မီးရထားဌာနမှ CDM လုပ်နေတဲ့ အမည်မဖော်လိုသူ ဝန်ထမ်းက ပြောပါတယ်။ 

နေပြည်တော် မီးရထားရုံးချုပ် (ဘဏ္ဍာရေးဌာန) လက်ထောက်မန်နေဂျာတစ်ဦးက ဝန်ထမ်းတွေကို ရုံးတက်ဖို့ ညွှန်ကြားထားသလို ရုံးယူနီဖောင်းဝတ်မလာဖို့လည်း ပြောထားတယ်လို့ သိရကြောင်း အဆိုပါ ဝန်ထမ်းက ဆိုပါတယ်။ ဘဏ္ဍာရေးဌာနမှ အထွေထွေမန်နေဂျာကလည်း ဝန်ထမ်းတွေရဲ့ CDM ကမ်ပိန်းပုံပါဝင်တဲ့ Facebook profile တွေကို လည်း ချက်ချင်းပြောင်းဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အောက်မြန်မာပြည် ရန်ကုန်ရုံးမှာလည်း ဖိအားပေးခံရမှုကြောင့် တစ်ရုံးလုံးနီးပါး ရုံးတက်နေရပြီး အချို့က ဖိအားပေးခံရမှုကြောင့် CDM မလုပ်ရဲဘဲ ရုံးတက်နေရကြောင်း ရန်ကုန်ရုံးခွဲမှ ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

နေပြည်တော် ကညန (ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု) ဦးစီးဌာနလက်အောက်က CDM လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း အထက်အရာရှိတွေက အလုပ်ဆင်းပေးဖို့၊ ပျက်ကွက် (၃) ရက်ကျော်ပါက ဝန်ထမ်းဥပဒေအရ အရေးယူမည်ဆိုပြီး စာထုတ်ပြန်လိုက်တယ်လို့ သိရကြောင်း CDM လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

“ ကျွန်တော့်အဒေါ်က ကညနက ညွှန်မှူးပါ။ သူတို့က CDM ထဲပါတယ်။ (၃) ရက်ပြည့်တဲ့လူတွေကို အထက်အရာရှိတွေက အလုပ်ဖြုတ်မယ်။ ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ထုတ်ခိုင်းမယ်ကြားတယ်။ အဲဒီလိုဆိုတော့ CDM လုပ်တဲ့ ဝန်ထမ်းတစ်ချို့က ရုံးပြန်တက်မယ် ပြန်ဖြစ်သွားတော့ လူမညီတော့ဘူးပေါ့”လို့ ဆိုပါတယ်။

နိုင်ငံတော်ကို စစ်အာဏာသိမ်းယူခံရပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတွေက စတင်ကာ CDM လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပြီးတဲ့နောက် ဝန်ကြီးဌာနအသီးသီးအောက်က အစိုးရဝန်ထမ်းတွေဟာ "ရုံးမတက်နဲ့ ၊ ရုန်းထွက်" လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


Author


က္က