တရားမဝင်အာဏာသိမ်းအဖွဲ့က ထုတ်ပြန်တဲ့ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေကို တရားဝင်မှုမရှိဟုဆို
Mi Thawdar Aung

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ဝန်ထမ်းတွေရဲ့ မူလတာဝန်နဲ့ရာထူးတွေကို ဥပဒေပြဌာန်းပြီးကာကွယ်ပေးမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဒီကနေ့ ဖေဖော်ဝါရီလ(၁၁) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အချုပ်အခြာအာဏာက နိုင်ငံသားတွေထံက ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးမှာ တည်သည် ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေသဘောတရားအရ နိုင်ငံ၏ အချုပ်အခြာအာဏာကို လူတစ်စုက လက်နက် အားကိုးပြုလျက် အဓမ္မ သိမ်းပိုက်ထားချိန်မှာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားပြည်သူများ (နိုင်ငံ့ဝန်ထမ်းများအပါအဝင်)က အာဏာသိမ်းစစ်အုပ်စုအား အကြမ်းမဖက်သောနည်းနဲ့ ဆန့်ကျင်အာခံ ဖီဆန်ခြင်းက မိမိတို့ရဲ့ နိုင်ငံသားအခွင့်အရေးကို တရားနည်းလမ်းကျစွာ ခုခံကာကွယ်တဲ့ လှုပ်ရှားမှုဖြစ်တာကြောင့် ဥပဒေနှင့် ညီညွတ်တဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ မှတ်ယူရမယ်လို့ ဆိုပါတယ်။



အာဏာသိမ်း စစ်အုပ်စုက (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းပါ မည်သည့်ပုဒ်မနှင့်မျှ ညီညွတ်ခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု ချိုးဖောက်လျက် အဓမ္မ အာဏာ သိမ်းခြင်းဖြစ်သည့်အတွက် ဘယ်သောအခါမှ တရားဝင်အစိုးရအဖြစ် မှတ်ယူနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒါကြောင့် တရားမဝင်သည့် အာဏာသိမ်း အဖွဲ့အစည်းတစ်ခုအနေဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မည်သည့်အာဏာကိုမျှ ရယူကျင့်သုံးခွင့် မရှိဘူးလို့ ကော်မတီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

တရားမဝင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံ့ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေအပေါ် သတ်မှတ်ပြဋ္ဌာန်းတဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တစ်စုံတစ်ရာက တရားဝင်မှုမရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ လက်ခံလိုက် နာစရာ လုံးဝမလိုအပ်ကြောင်း ဆိုပါတယ်။

Civil Disobedience Movement ပြည်သူတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှု က နိုင်ငံ့အရေးဆောင်ရွက်ချက်သာဖြစ်ပြီး ပါတီနိုင်ငံရေးဆောင်ရွက်ခြင်း မဟုတ်တဲ့အတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆ ပုဒ်မခွဲ(က)နှင့်လည်း ငြိစွန်းခြင်းမရှိကြောင်း ပြောပါတယ်။

ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတွေ အားလုံးက Civil Disobedience Movement စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါဖို့နဲ့ လှုပ်ရှားမှုမှာ ပါဝင်လျက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ မူလအလုပ်တာဝန်ရာထူးများ တည်မြဲရေးအတွက် ဥပဒေပြဋ္ဌာန်းလျက် အပြည့်အဝအာမခံချက်ပေးသွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဘောထား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


Author


က္က