" ခွဲစိတ်ပြီးတော့ ကျည်ဆံကို ထုတ်တယ်ဆိုရင် လူနာရဲ့ အသက်ရှင်နိုင်ခြေပိုများလာနိုင်တာပေါ့" ဟုဆို
Mi Thawdar Aung

နေပြည်တော်က ဆန္ဒပြပွဲမှာ ဦးခေါင်းသေနတ်မှန်ခဲ့တဲ့ မိန်းကလေးငယ်ကို ခွဲစိတ်ဖို့သင့်၊မသင့် Medical Team ဖွဲ့ပြီး ဆုံးဖြတ်သွားမယ်လို့ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက အတည်ပြု ပြောကြားပါတယ်။

ကျည်ဆံထိမှန်ထားတဲ့ မိန်းကလေးငယ်ရဲ့ဦးခေါင်းကို ခွဲစိတ်ကုသနိုင်ဖို့ ဦးနှောက်အထူးကုဆရာဝန်ကြီး၊ မေ့ဆေးဆရာဝန်ကြီးနဲ့ နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံအုပ်ကြီးတွေ ပါဝင်တဲ့ Medical Team တစ်ခုဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။



“ လူနာအနေအထားက အခုတစ်ရက်ကျော်သွားတဲ့အချိန်ထိ အသက်ရှင်နေတုန်းပဲ ဆိုတော့ ခွဲစိတ်ပြီးတော့ ကျည်ဆံကို ထုတ်တယ်ဆိုရင် လူနာရဲ့ အသက်ရှင်နိုင်ခြေပိုများလာနိုင်တာပေါ့။ ဒါပေမယ့် ဘယ်အချိန်မှာ ခွဲမလဲ ။ ခွဲစိတ်မလား။ မခွဲစိတ်ဘူးလားဆိုတာကို အဲဒီ Medical Team ကဆုံးဖြတ်မှာပါ” လို့ နေပြည်တော်ကုတင် (၁၀၀၀) မှ ဆရာဝန်တစ်ဦးက Duwun ကို ပြောပါတယ်။

ဖေဖော်ဝါရီလ (၉) ရက်နေ့က နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်ပစ်ခတ်မှုကြောင့် ဦးခေါင်း ကျည်ထိမှန်သွားတဲ့ အသက် (၂၀) အရွယ် မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံကြီးရဲ့ အရေးပေါ်ကုသဆောင်မှာကုသပေးနေခဲ့တာဖြစ်ပါတယ်။ ဦးခေါင်းကျည်ထိမှန်မှုကြောင့် လူနာဟာ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းသွားခဲ့ပြီလို့ ဆရာဝန်တွေက ကနဦး မှတ်ချက်ပြုပေမယ့် တစ်ရက်ကျော်သွားတဲ့အချိန်အထိ အသက်ရှင်နေသေးတာကြောင့် ခွဲစိတ်ကုသဖို့သင့်၊ မသင့်ကို ပြန်လည် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

"ခေါင်းထဲမှာ ကျည်ဆံရှိနေတာဆိုတော့ ဒီအတိုင်းထားလို့ရှိရင် ဒီအတိုင်းပဲ ဒုက္ခရောက်သွားမှာ။ ရေရှည်ထားလို့မှမရတာ။ ဒါပေမယ့် ခွဲသင့်လား၊ မခွဲသင့်လားဆိုတာကိုတော့ ဆရာကြီးတွေ ဘုတ်ထိုင် ဆုံးဖြတ်မှာပါ” လို့ နေပြည်တော်ကုတင် (၁၀၀၀) မှ ဆရာဝန်က ဆိုပါတယ်။ ဖေဖော်ဝါရီ (၉) ရက်နေ့က ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင်အပါအဝင် အသက် (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ရင်ဘတ်ကျည်ဆံထိမှန်ခဲ့ပြီး အဆိုပါ အမျိုးသားကတော့ အခြေအနေကောင်းမွန်တယ်လို့လည်း သိရပါတယ်။


Author


က္က