လူစုကွဲအောင် သေနတ်နဲ့ ပစ်ဖောက်ဖြိုခွဲမှုတွေလည်း လုပ်ခဲ့ပါတယ်။
Ei Ei Htun

ဒီကနေ့ မနက် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ သပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဝင်ရောက်ဖြိုခွင်းခဲ့ကာ ကျောင်းသား (၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကျောင်းသား (၅၀၀)ကျော်လောက်က ကားတွေအပါအဝင် လှည့်လည် ဆန္ဒပြလာရာမှာ ရဲတပ်ဖွဲ့အနေနဲ့ စည်းတားပြီး တားဆီးခြင်းမျိုးမရှိဘဲ ရှေ့ကနေပိတ်ကာ အတင်း အဓမ္မ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆန္ဒပြတဲ့ထဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတစ်ဦးက Duwun ကိုပြောပါတယ်။



“ ဟုတ်ပါတယ်။ လေးယောက်ပါသွားတာ။ ကျွန်တော်တို့က ပုံမှန်ပဲအေးဆေး ဆန္ဒပြနေတာကို အတင်းဝင်ပြီး ဖြိုခွဲတာ။ သူတို့ဘက်က တားတဲ့စည်းကို ကျော်တာမျိုးမဟုတ်သလို သူတို့ဘက်ကလည်း ဘာစည်းမှမတားထားဘူး။ အခုလည်း လူစုကွဲအောင် သေနတ်တွေနဲ့ ပစ်ဖောက်ပြီးလူစုခွဲနေတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လူတွေပြန်လွတ်ရေးအတွက်ကိုကော ဆက်ပြီးတိုက်ပွဲဝင်သွားမှာပဲ”လို့ အဆိုပါ ကျောင်းသားကပြောပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့အနေနဲ့ ကျောင်းသားသပိတ်အဖွဲ့ကို လူစုခွဲအောက်ဖြိုခွင်းနေပေမယ့် ကျောင်းသားတွေ ဘက်ကတော့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။ ကျောင်းသားသပိတ်အဖွဲ့က လူအင်အား (၅၀၀)ကျော်ရှိပြီး ရဲတပ်ဖွဲ့ဘက်က လူအင်အား (၁၀၀)ကျော်ရှိတယ်လို့ ဆိုပါတယ်။ အခုကျောင်းသားတွေကို ဖမ်းဆီးသွားတာလည်း မတရားသဖြင့်ဖမ်းဆီးသွားတာဖြစ်သလို ရိုက်နှက်ခံရတဲ့ ကျောင်းသားတွေလည်းရှိတယ်လို့ သိရပါတယ်။


Author


က္က