အာဏာသိမ်းစစ်ခေါင်းဆောင် (၄)ဦးနဲ့ သူတို့ပိုင်ဆိုင်တဲ့လုပ်ငန်း (၃)ခုကိုအမေရိကန်ကပိတ်ဆို့အရေးယူလိုက်ပါတယ်။
Mi Thawdar Aung

အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာက အာဏာသိမ်းစစ်အုပ်စုအပေါ် စတင်ပြစ်ဒဏ်ခတ် အရေးယူမှုတွေကို မြန်မာပြည်သူတွေက တစ်ခဲနက်ကြိုဆိုထောက်ခံတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ကြေညာလိုက်ပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေအနေနဲ့လည်း ပြည်သူတစ်ဦးချင်းစီရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အာဏာသိမ်းစစ်အုပ်စုက ပိုင်ဆိုင်တဲ့ ပစ္စည်းအမျိုးအမည်တွေကို မသုံးစွဲခြင်းဖြင့် စတင်အရေးယူ ပြစ်ဒဏ်ခတ်ဖို့ ကြေညာလိုက်တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းအုပ်စုက ပိုင်ဆိုင်တဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ Premium Gold/ Red Ruby စီးကရတ်လုပ်ငန်း၊ အင်းဝဘဏ် နှင့် မြဝတီဘဏ်၊ မြဝတီ ဓါတ်ဆီဆိုင်၊ ဆင်မင်းဘိလပ်မြေ၊ ကြံ့တံဆိပ်ဘိလပ်မြေ၊ MyTel SIM Card နှင့် အခြားဝန်ဆောင်မှုများ၊ Vega ပလတ်စတစ် ပစ္စည်း၊ သန့်စင်တံဆိပ် လက်သန့်ဆေးရည်၊ ဆပ်ပြာရည်၊ သွားတိုက်ဆေး တို့ကို မသုံးစွဲကြဖို့ ဖြစ်ပါတယ်။



ဒါ့အပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေး၊ ရွှေမန်းသူ၊ ရှမ်းမလေး၊ ရွှေမြိုင်သူ၊ သန်မြန်သူ ယာဉ်လိုင်း၊ ပါရမီ မြို့တွင်းယာဉ်လိုင်း၊ အားကစားလုပ်ငန်းတွေ ဖြစ်တဲ့ Royal Sportainment Complex: Indoor Skydiving လေထီးခုန်ရုံ၊ Bowling Alley ဘိုးလင်းအားကစားရုံ၊ Ice Skating rink ရေခဲစကိတ်ကွင်းတို့လည်း ပါဝင်ပါတယ်။

Star Mart, Ruby Mart, ငွေပင်လယ် အမှတ်တံဆိပ်များ (ငွေပင်လယ် ငါးမုန့်လုပ်ငန်းမပါဝင်ပါ။)၊ 547 minimarts၊ Andaman တံဆိပ် ယမကာများ၊ Myanmar တံဆိပ် ယမကာများ၊ Mandalay တံဆိပ် ယမကာများ၊ Dagon တံဆိပ် အဖျော်ယမကာများ၊ MEC တံဆိပ်၊ Akadi တံဆိပ်၊ Sunflower တံဆိပ် ဆန်အိတ်များ၊ Condensed နို့ဆီတံဆိပ်၊ မြင်းခြံ ဓါတ်မြေသြဇာ၊ Sugarmec သကြား စတဲ့ကုန်ပစ္စည်းတွေ အပြင် ကန်သာယာဆေးရုံ တို့လည်း ပါဝင်ပြီးနောက်ဆက်တွဲစာရင်းတွေကိုလည်းဆက်လက်ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရကလည်း အာဏာသိမ်းစစ်အစိုးရခေါင်းဆောင်တွေနဲ့ ဆက်စပ်ပိုင်ဆိုင်တဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လေးဦးနဲ့ တပ်မတော်ကထိန်းချုပ်တဲ့ ၊ ပိုင်ဆိုင်တဲ့ လုပ်ငန်းအဖွဲ့အစည်းသုံးခုကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း သတ်မှတ်လိုက်တယ်လို့ အမေရိကန်သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလို ဒဏ်ခတ်ပိတ်ဆို့ရတာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကိုဖယ်ရှားရာမှာ လက်ရှိနဲ့ ယခင်တပ်မတော်အရာများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး မြန်မာပြည်သူနဲ့ ပြည်သူတွေရဲ့ စီးပွားရေးကို ပစ်မှတ်ထားခြင်းမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။


Author


က္က