အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်မြင့်ကတော့ ၎င်းတို့ ၅ ဦးစလုံးကို ညမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်မှုနဲ့အမှုဖွင့်အရေးယူသွားမှာဖြစ်တယ် လို့ပြောပါတယ်။

မန္တလေးမြို့မှာ မနေ့ကညက ထောင်ထွက်ခိုးဆိုးနှိုက်တွေက ရပ်ကွက်တွေထဲဝင်ပြီး မီးလိုက်ရှို့နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူလူထု စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါ တယ်။

မန္တလေးတစ်ခရိုင်လုံးက မြို့နယ် ၇ ခုလုံးရဲ့ရပ်ကွက်တော်တော်များများမှာဖြစ်ခဲ့တာဖြစ်ပြီး အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက်မှာတော့ ထောင်ထွက် နှစ်ဦးကိုတင်ဆောင်လာတဲ့ ပရဟိတအသင်းကားတစ်စီးကို ပြည်သူလူထုက မသင်္ကာလို့ဝိုင်းဖမ်းဆီးတာကနေ ထောင်ထွက်နှစ်ဦးနဲ့အတူ ပရဟိတအသင်းကားမောင်း သူအပါအဝင် အသင်းဝင် သုံးဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။



ထောင်ထွက်နှစ်ဦးဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေဖြစ်ပြီး မန္တလေးဗဟို အကျဉ်းထောင်ကနေ လွတ်လာသူတွေတော့မဟုတ်ဘဲ အကျဉ်းဦးစီးဌာန အင်းဗြောင်ကုန်ထုတ်စခန်းကနေ လွတ်လာကြတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နေ ကောင်းကောင်း(မုဒိန်းမှုနှစ်ကြီးသမား)နဲ့ မန္တလေး အောင်မြေသာစံမြို့နယ်နေ တင်လင်းထက်(ခ)ငထက် (ခိုးမှုနဲ့ထောင် ၇ နှစ်ကျ) တို့ ဖြစ်ပါတယ်။

ထောင်ကလွတ်လာပြီးနောက် တင်လင်းထက်(ခ)ငထက်နေထိုင်တဲ့ မန္တလေးကနေအိမ်ဆီ ပြန်လာကြတာဖြစ်ကြောင်း၊ ၎င်းတို့နဲ့အတူထောင်လွတ်လေးငါးခြောက်ယောက်လည်းပါဝင်ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ လူစုကွဲသွားတာကနေ ပရဟိတအသင်းရုံးတစ်ခုဆီဝင်ရောက်အကူအညီတောင်းလို့ ပရဟိတအသင်းကားက တင်လင်း ထက်(ခ)ငထက်နေအိမ်ဆီပို့ပေးစဉ် ပြည်လုံးချမ်းသာရပ်ကွက် ၈၁ လမ်း၊ ၁၂ လမ်းနဲ့ ၁၃ လမ်းကြားမှာ ရပ်ကွက်နေပြည်သူကစစ်ဆေးစဉ် မသင်္ကာဖွယ်ရာတွေ့ရလို့ ဖမ်းဆီးပြီး ရပ်ကွက်ဓမ္မာရုံထဲ တစ်ညတာထိန်းသိမ်းခဲ့တာဖြစ်ကြောင်း၊ မနက် ၁၀ နာရီခန့်မှာတော့ ရဲတပ်ဖွဲ့နဲ့သံဃာတော်တွေကလာရောက်ဖြေရှင်းပြီး ရဲစခန်းခေါ်ယူသွားကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း ထောင်လွှတ်လို့စိုးရိမ်မှုတွေဖြစ်နေကြတဲ့ ရပ်ကွက်နေပြည်သူတွေကတော့ ၎င်းတို့ကို ပြန်လွှတ်ပေးဖို့ဆန္ဒမရှိကြတာကိုတွေ့ရပြီး နောက်ညတွေမှာ အခုလိုထပ်ဖြစ်မယ့်အခြေအနေအတွက် စိုးရိမ်မှုတွေမြင့်တက်နေကြဆဲဖြစ်ပါတယ်။ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်မြင့်ကတော့ ၎င်းတို့ ၅ ဦးစလုံးကို ညမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်မှုနဲ့အမှုဖွင့်အရေးယူသွားမှာဖြစ်တယ် လို့ပြောပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ပြည်သူလူထုခံစားနေရတဲ့ သက်ဆိုင်ရာတာဝန်ရှိသူလို့ဆိုသူတွေရဲ့ ညအချိန်မတော်လူဝင်ဆွဲတာတွေဟာ မနေ့ကညပိုင်းမှာ တော့ ည ၈ နာရီကျော်နောက်ပိုင်းကစလို့ တစ်နိုင်ငံလုံးမှာဖြစ်ပွားခဲ့ပါတယ်။ သက်ဆိုင်ရာဆိုသူတွေရဲ့ဒီလိုပြုမူတာတွေအပေါ် လက်သင့်မခံလိုကြတဲ့ မန္တလေးပြည်သူလူထုက ၎င်းတို့ရပ်ကွက်ထဲဝင်လာရင်ကို သံပုံးတီးနှင်လွှတ်တာ၊ ဖမ်းဆီးခံရသူတွေကို လူအုပ်စုနဲ့ပြန်ဝင်လုတာတို့လုပ်ခဲ့တာမှာ မနေ့ကညက တစ်မြို့လုံး စိုးရိမ်ကြောင့်ကြစိတ်နဲ့ ရပ်ကွက်အလိုက်လုံခြုံရေးယူခဲ့ရတယ်လို့ သိရပါတယ်။



က္က