ဝန်ထမ်းများအနေနဲ့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် နှိုးဆော်နေတဲ့ ကာလအတွင်းမှာ အမြန်ဆုံး ပြန်လည်ဝင်ရောက်ရန် အသိပေးထားပါတယ်။
Ye Yint Htay

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရန်ပျက်ကွက်နေကြသော နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးကြေညာချက်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းတာဝန်ပျက်ကွက် ဝန်ထမ်းများကို အရေးယူနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

"နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခုလုံးကိုကောင်းမွန်စွာ သက်ဝင်လှုပ်ရှားနိုင်စေရန် ဆောင်ရွက်ကြရသူများဖြစ်ပါသည်။ နိုင်ငံရေး၊စီးပွားရေးစနစ်များ၊ အစိုးရများမည်သို့ပင်ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ်သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ကြရပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်ဝန်ထမ်းကျင့်ဝတ်တို့အရ ဝန်ထမ်းများသည် အလုပ်ချိန်နှင့်သက်ဆိုင်သည့်စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်နှင့် သက်ဆိုင်သည့်စည်းကမ်းများနှင့် လုပ်ငန်းခွင်အတွင်းပြုမူဆက်ဆံမှုဆိုင်ရာစည်းကမ်းများကိုလည်းလိုက်နာရပါသည်။ ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌန်းချက်များနှင့်အညီ အရေးယူနိုင်ပါသည်။ ဝန်ထမ်း၏ပြုလုပ်မှု(သို့)ပျက်ကွက်မှုသည် ပြစ်မှုမြောက်နိုင်သည့် ကိစ္စဖြစ်ပါက ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရပါသည်" လို့ သတိပေးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 



အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တစ်နိုင်ငံလုံးဝန်ကြီးဌာနအသီးသီးကဝန်ထမ်းအများစု CDM လှုပ်ရှားမှုလုပ်နေချိန်မှာ အခုလိုသတိပေးစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အရေးယူဆောင်ရွက်မှုတွေရှိလာနိုင်တဲ့အတွက်တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေတဲ့ဝန်ထမ်းများအနေနဲ့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် နှိုးဆော်နေတဲ့ကာလအတွင်းမှာ လုပ်ငန်းခွင်များကို အမြန်ဆုံးပြန်လည်ဝင်ရောက်ရန် အသိပေးကြေညာအပ်ပါတယ်လို့ဖော်ပြချက်အဆုံးသတ်မှာ ပါရှိပါတယ်။ 


Author


က္က