ချုပ်ရက်ရမန်က ဖေဖော်ဝါရီ (၁၇) ရက်နေ့အထိ ဖြစ်တယ်လို့ဆို

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ချုပ်ရက်ရမန်ပြည့်တာကြောင့် တရားရုံးမှာ ရှေ့နေပါဝါသွားတင်ရာ ချုပ်ရက်ရမန်က ဖေဖော်ဝါရီ (၁၇) ရက်နေ့အထိ ဖြစ်တယ်လို့ ဒက္ခိဏခရိုင်တရားသူကြီးက ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“ ဆိုရှယ်မီဒီယာမှာတက်တဲ့သတင်းအရရော ရမန်လျှောက်တဲ့စာရွက်အရရော ဒီနေ့အထိ ယူထားတယ်ဆိုတော့ ဒါ ရမန်ကုန်တဲ့ရက်ပဲဆိုတော့ ကျွန်တော်တို့ ပါဝါတင်ဖို့ လာတာပါ။ ဒါပေမယ့် ခရိုင်တရားသူကြီးနဲ့ ဆွေးနွေးပါတယ်။ သူ့ပြောပြချက်အရဆိုရင် ရမန်က (၁၇) ရက်နေ့အထိ ယူထားတာပါတဲ့။ ဒီကနေ့မဟုတ်ပါဘူးတဲ့“ လို့ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။



ရှေ့နေပါဝါကိုလည်း ဇဗ္မူသီရိမြို့နယ်တရားရုံးမှာ တင်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ဆေးကြားနာတဲ့အခါ ဗီဒီယိုကွန်ဖရင့်နဲ့သာ ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။ အတိုင်ပင်ခံနဲ့ နိုင်ငံတော်သမ္မတတို့ကို အပြင်မှာတွေ့ဖို့ ကြိုးစားနေပေမယ့် တွေ့ဖို့ အလားအလာကတော့ မရှိနိုင်ဘူးလို့လည်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကိုလည်း ရမန်ယူထားပြီး ဦးဝင်းထိန်ကိုတော့ ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ စစ်ဆေးကြားနာမှာဖြစ်တယ်လို့လည်းသိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဦးဝင်းထိန်ကိုလည်း ဖေဖော်ဝါရီလ (၅) ရက်နေ့က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။



က္က