ဝန်ထမ်းအားလုံး CDM ပါဝင်ပေးဖို့ အဓိက တွန်းအားပေးတောင်းဆိုနေကြတာပါ။
Mi Thawdar Aung

အင်ဂျင်နီယာတွေ၊ ကျောင်းသားတွေပါဝင်တဲ့ ပြည်မြို့က အထွေထွေသပိတ်စစ်ကြောင်းဟာ အစိုးရဘဏ်တွေနဲ့ အစိုးရရုံးတွေရှေ့ကို သွားရောက်ပြီး ဝန်ထမ်းတွေအားလုံး CDM မှာပါဝင်ပေးကြဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ (၁၅) ရက်မှာ ပြုလုပ်နေတဲ့ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့သူတွေဟာ "ရုံးမတက်နဲ့ဝန်ထမ်းတွေ အိမ်မှာနေပါဇိမ်နဲ့ဇိမ်နဲ့၊ရုံးမတက်နဲ့ရုန်းထွက်ကြ၊ အရေးတော်ပုံအောင်ရမည်၊ရုံးမသွားနဲ့ဝန်ထမ်းတွေ ပြည်သူတွေက ကျွေးထားမှာ၊ အာဏာရှင်ကို ဖြုတ်ဖို့ရာဝန်ထမ်းတွေကအဓိကပါ၊ အရေးတော်ပုံကြီးအောင်မြင်ရေး ဝန်ထမ်းအားလုံး ပါဝင်ပေး” စတဲ့ ကြွေးကြော်သံ တွေကို ကြွေးကြော်ခဲ့ကြပါတယ်။



ဓာတ်ပုံ- ချစ်ခွန်းချို

နောက်ပြီး ရဲတပ်ဖွဲ့ နဲ့စစ်တပ်ကလုံခြုံရေးရယူထားတဲ့ ဗိုလ်ချုပ်ကျောက်ရုပ် အနီးမှာလည်း ပြည်သူတွေက အထိုင်သပိတ်ပြုလုပ်ပြီး ဝန်ထမ်းတွေအားလုံး CDM မှာပါဝင်ပေးဖို့ကို တောင်းဆိုနေကြပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်ကားတစ်ချို့က ဆန္ဒပြတောင်းဆိုနေတဲ့ အေထွထွေသပိတ် စစ်ကြောင်းနောက်ကို လိုက်ခဲ့တာရှိပေမယ့် တားဆီးတာမျိုးတော့ခုချိန်ထိမရှိသေးဘူးလို့လည်းသိရပါတယ်။ 

ပြည်မြို့မှာတော့ ပုဂ္ဂလိကဘဏ်တွေကတော့ ပိတ်ထားတာကိုတွေ့ရပြီး ၊ အစိုးရဘဏ်တွေကလည်း တံခါးပိတ်ထားတာကိုတွေ့ရပြီး ဘဏ်ဝန်ဆောင်မှု လုပ်ဆောင်ခြင်းရှိမရှိတော့မသိရသေးဘူးလို့ Duwun ရဲ့ ပြည်မြို့ခံ သတင်းထောက်က ပြောပါတယ်။ လက်ရှိ ပြည်မြို့မှာ CDM လှုပ်ရှားမှုပါဝင်နေတဲ့ဌာနတွေကတော့ လျှပ်စစ်၊ စည်ပင်၊အရံမီးသတ်၊အခြေခံပညာ၊ပြည်တက္ကသိုလ်၊ပြည်နည်းပညာတက္ကသိူလ်၊ ကွန်ပျူတာတက္ကသိုလ်၊မီးရထား၊သစ်ထုတ်လုပ်ရေး ဝန်ထမ်း၊ပြည်ဆေးရုံကြီး လက်ထောက်ဆရာဝန်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


Author


က္က