လက်ရှိအချိန်မှာတော့ ရုံးချုပ်အနီး ရှင်းလင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Htar Htar Wai

ရွှေဂုံတိုင်ရှိ NLDရုံးချုပ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လာရောက်ပိတ်ဆို့စောင့်ကြပ်တာဟာ ရုံးအတွင်း ပါတီရဲ့ CEC နှစ်ဦးကို လာရောက်ရှာဖွေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း ပါတီတာဝန်ရှိသူက ပြောပါတယ်။

ယခင်ရက်ပိုင်းက ပါတီရုံးချုပ်အတွင်း ညဘက်ဝင်ရောက်ရှာဖွေတာကြောင့် ပါတီတာဝန်ရှိသူတွေက အမှုဖွင့်ထားတဲ့အတွက် ခြေရာလက်ရာပျက်မှာစိုးတာကြောင့် ဒီနေ့ အဝင်မခံ လိုပေမယ့်လည်း မြို့နယ်စခန်းမှူးက ငါးယောက်ဝင်ခွင့်တောင်းခံတာကြောင့် ခွင့်ပြုလိုက်တယ်လို့ ပါတီရုံးအတွင်းရှိနေခဲ့သူ ကိုယ်စားလှယ် ဒေါ်သန္တာက Duwun ကို ပြောပါတယ်။



"CEC တွေ ဦးအောင်ကြည်ညွန့်နဲ့ ဒေါက်တာမေဝင်းမြင့်ကို လာရှာတယ်လို့ ပြောပါတယ်။ ဒါကတော့ အကြောင်းပြချက်ပေါ့လေ။ အစကတော့ ပေးမဝင်ဘူး။ အရင်ရက်က ရုံးကိုလာရှာပြီး ယူသွားတာတွေရှိတော့ အမှုဖွင့်ထားတာရှိတယ်။အဲဒါကို ရဲက မစစ်ရသေးတော့ ခြေရာလက်ရာပျက်မှာစိုးလို့ ပေးမဝင်ဘူး။ ဒါပေမယ့် မြို့နယ်စခန်းမှူးက ငါးယောက်လောက်ဝင်ခွင့်ပေးပါ ရှာချင်လို့ပါ ခွင့်တောင်းတော့ ခွင့်ပြုလိုက်တယ်။ သူတို့ရှာတာကို ရုံးထဲက ရှိနေတဲ့ ကျွန်မတို့အဖွဲ့က လိုက်ကြည့်တယ် မှတ်တမ်းတင်တယ်။ သူတို့ရှာပြီး ပြန်ထွက်သွားပါတယ်" လို့ ဧရာဝတီတိုင်းဒေသကြီး ၊ အိမ်မဲမြို့နယ်ကိုယ်စားလှယ် ဒေါ်သန္တာက Duwun ကို ပြောပါတယ်။

အဲဒီလို ရှာဖွေပြီးတဲ့နောက်မှာတော့ ပါတီတာဝန်ရှိသူက ရုံးအနီးပိတ်ဆို့ထားတဲ့ စစ်တပ်၊ရဲတပ်ဖွဲ့ အစောင့်အကြပ်တွေနဲ့ ကားတွေကို ပြန်လည်ဖယ်ရှားပေးဖို့ ပြောဆိုခဲ့တာကြောင့် ရှာဖွေမှုအပြီးမှာတော့ အားလုံးပြန်လည်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်အနီးကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ရက် နေ့လည် ၂နာရီခွဲဝန်းကျင်ကစတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က လမ်းပိတ်ဆို့ကာ လုံခြုံရေးယူ စောင့်ကြပ်လိုက်တာ ဖြစ်ပါတယ်။

ပါတီရုံးချုပ်အတွင်းမှာတော့ ပါတီကိုယ်စားလှယ်တွေအပါအဝင် ပါတီဝင် ၁၅ဦးနဲ့ ပြင်ပလူ ၁ဦး စုစုပေါင်း ၁၆ဦး ပိတ်မိနေခဲ့ပါတယ်။ ဒါ့အပြင် လမ်းကိုပိတ်ဆို့စောင့်ကြပ်နေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အင်အားတိုးမြှင့်ချထားဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း ရုံးချုပ်ကို လာရောက်နေတဲ့ ရဲတပ်ဖွဲ့ကားတွေကိုတော့ ပြည်သူတွေက ဝိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။


Author


က္က