မြန်မာ့စီးပွား ရေးဘဏ်ခွဲ(၁)မန္တလေးရုံးရှေ့မှာ ဘဏ်ဝန်ထမ်းတွေ ရုံးမတက်ကြဖို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
Minn Nandar

မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)မန္တလေးရုံးရှေ့မှာ ဆန္ဒပြလို့ အကြမ်းဖက်ဖမ်းဆီးခံရတဲ့ဆန္ဒပြည်သူ ၃၀ဦးကို ဒီကနေ့ အိုးဘိုထောင်ကနေပြန်လွှတ်ပေးလိုက်တယ် လို့သိရပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ပြည်သူစုစုပေါင်း ၃၀ဦးလောက်ရှိတယ်လို့သိရပြီး ဒါနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူ ၁၀ ဦးခန့်အတွက် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ မန္တလေးမြို့က အထက်တန်းရှေ့နေဦးမျိုးအေးက "ကျွန်တော်လိုက်ပါဆောင်ရွက်ပေးသူက ၉ ဦးလောက်နဲ့ စုစုပေါင်း ၂၀ လောက်ပြန်လွတ်တယ်လို့သိရပါတယ်၊ ဖမ်းဆီးခံရသူတွေထဲမှာ CDM ထိုင်တဲ့ဝန်ထမ်းတွေပါတယ်၊ ၁၆ နှစ်အရွယ်တွေပါတယ်၊ တချို့လည်း CDM ထိုင်တဲ့ဘဏ်ဝန်ထမ်းတွေပါပါတယ်၊ ခံဝန်နဲ့ပဲလွှတ်ပေးတယ်လို့ပြောပါတယ်" လို့ Duwun ကိုအတည်ပြုဖြေကြားပေးပါတယ်။



ပြန်လွှတ်ပေးလိုက်သူတွေကို မိသားစုဝင်တွေက သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ သွားရောက်စုံစမ်းကြိုဆိုစောင့်နေကြပေမယ့်လည်း ပြန်လွတ်လာသူတချို့ ရဲ့ပြောစကားအရ ၎င်းတို့ကို မန္တလေးအိုးဘိုထောင်ကနေ ကားနဲ့ထုတ်ပြီး လမ်းတစ်နေရာချပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

"သူတို့ချပေးတဲ့နေရာကနေ အိမ်ကိုဖုန်းနဲ့ဆက်ခေါ်ရတာပေါ့၊ အထဲမှာတော့ ထပ်နှိပ်စက်တာဘာညာမရှိပါဘူး သူတို့ရိုက်နှက်ဖမ်းတုန်းက ဒဏ်ရာတွေပဲရှိတာပါ" လို့ ပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးအတွက် မန္တလေးမြို့ခံပြည်သူနှစ်ထောင်ခန့်ဟာ မနေ့က မန္တလေးမြို့ ၂၆ လမ်းနဲ့ ၈၂ လမ်းထောင့်က မြန်မာ့စီးပွား ရေးဘဏ်ခွဲ(၁)မန္တလေးရုံးရှေ့မှာ ဘဏ်ဝန်ထမ်းတွေရုံးမတက်ကြဖို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတာကို ရဲနဲ့စစ်တပ်က လောက်လေးခွတွေ လေသေနတ် တွေနဲ့ပစ်ခတ်ပြီး ဆဲဆိုအကြမ်းဖက်ဖြိုခွင်းခဲ့တာမှာ လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


Author

  • Minn Nandar

က္က