ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို နှောင့်ယှက်ဟန့်တားတဲ့ ဖြစ်စဉ်တွေကြောင့် ရည်မှန်းထားတဲ့ရလဒ်တွေ ရနိုင်တဲ့ အခြေအနေမရှိတော့ကြောင့်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးလေးစားတန်ဖိုးထားတဲ့ ရဲတပ်ဖွဲ့ ဖြစ်လာစေဖို့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ စွမ်းဆောင်ရည်မြှင့်တင်ပေးတာ၊ သင်တန်းပေးတာတွေကို ခေတ္တဆိုင်းငံ့လိုက်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အစိုးရကို ထိန်းသိမ်းပြီး ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို နှောင့်ယှက်ဟန့်တားတဲ့ ဖြစ်စဉ်တွေကြောင့် ဥရောပသမဂ္ဂက ဆောင်ရွက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအကူအညီ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖို့နဲ့ ရည်မှန်းထားတဲ့ ရလဒ်တွေ ရနိုင်တဲ့ အခြေအနေမရှိတော့ကြောင့် ခေတ္တဆိုင်းငံ့ကြောင်း ဒီကနေ့မှာ ဥရောပသမဂ္ဂက သတင်းထုတ်ပြန်ခဲ့တာပါ။



ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့မှုပြု‌ပေးတဲ့ “ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီ” စီမံကိန်းဟာ အစိုးရနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်ရိုက်‌တောင်းဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တဲ့ စီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်သားအစိုးရက ဒီစီမံကိန်းကို တောင်းဆိုတဲ့ ရည်ရွယ်ချက်မှာ နိုင်ငံတကာစံနှုန်းများနှင့်အညီဆောင်ရွက်ပြီး လူ့အခွင့်အရေးကို လေးစားအလေးထားတဲ့ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရာမှာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တာကို နားလည်ထားတယ်လု့ိ ဆိုပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂက အထောက်ကူပေးတဲ့အရာတွေက နိုင်ငံတကာ စံနှုန်းများနှင့်အညီ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနဲ့ သင်တန်းပေးခြင်းဖြစ်ပြီး မည်သည့် လက်နက်ပစ္စည်းကိရိယာတွေကို ကူညီပံ့ပိုးမှုမပြုခဲ့ဘူးလို့ ပြောပါတယ်။

ဒီစီမံကိန်းဟာ ပြည်သူလူထုနဲ့ ရဲတပ်ဖွဲ့အကြား ပိုမိုကောင်းမွန်တဲ့ ယုံကြည်မှုတည်ဆောက်ဖို့ လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်း၊ သတင်းမီဒီယာ၊ ‌ဒေသခံလူထုတွေနဲ့ လည်း တိုက်ရိုက် အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပြီး မြန်မာပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်ခဲ့တာကြောင့် အရပ်ဘက်အစိုးရမှ အသိအမှတ်ပြု ချီးမွမ်းခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဒီသင်တန်းကိုရရှိခဲ့တဲ့ ရဲအရာရှိအများစုဟာလည်း စိတ်နေသဘောထား ပြောင်းလဲလာကာ အများပြည်သူအတွက် အာရုံစိုက်တာဝန်ထမ်းဆောင်လာတာကို တွေ့ရှိရတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



က္က