ပိုးတွေ့ရှိရင် ပန်းလှိုင်ဆေးရုံမှာ ကုသမှုခံယူရမယ်လို့ သိရပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ပြည်သူတွေအနေနဲ့ လေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်အခါ ကိုဗစ်စစ်ဆေးမှုပြုလုပ်မယ်ဆိုရင် ပိုးတွေ့ရှိပါက ပန်းလှိုင်ဆေးရုံမှာ ကုသဖို့ သဘောတူညီကြောင်း လက်မှတ်ထိုးဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

လေကြောင်းလိုင်းနဲ့ ခရီးသွားဖို့ ကိုဗစ်စစ်ဆေးရင်း ပိုးတွေ့ရှိပါက ပြည်သူတွေအနေနဲ့ ပုဂ္ဂလိက ကုသရေးစင်တာဖြစ်တဲ့ ပန်းလှိုင်ဆေးရုံကိုသာ သွားရောက်ရမှာဖြစ်ပြီး ကုန်ကျစရိတ် သိန်း၂၀ရှိတာကို အရင်သဘောတူလက်မှတ်ရေးထိုးရတယ်လို့ ဆေးစစ်ခဲ့သူ မဟန်နွေက Duwun ကို ပြောပါတယ်။



" ကျွန်မက လေယာဉ်နဲ့ ခရီးသွားဖို့ရှိလို့ လတ်မှတ်ဝယ်ပြီး ဆေးစစ်ဖို့လုပ်ပါတယ်။အဲဒီမှာ ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က N Health မှာစစ်ဖို့လုပ်ပါတယ်။ အခုသွားစစ်တော့ စစ်ဖို့ ဝင်ဝင်ချင်းမှာ လက်မှတ်ထိုးခိုင်းတယ်။အဲဒီလက်မှတ်ထိုးပြီးတော့မှ စစ်ရမှာ။ ပိုးမရှိရင် ကိစ္စမရှိဘူး။ပေါ့စတစ်ဖြစ်ရင် ပန်းလှိုင်မှာပဲ ကုန်ကျစရိတ် သိန်း၂၀နီးပါးနဲ့ ကုသပါမယ်ဆိုပြီး လက်မှတ်ထိုးရတယ်။အပြင်မှာ ကြေညာထားတာတော့မရှိဘူး ဆေးစစ်ချင်လို့ပါဆိုပြီး ဝင်တော့မှ အဲဒီစာရွက်ကို ထုတ်ပြတာ " လို့ ဆေးစစ်ခဲ့သူ မဟန်နွေက Duwun ကို ပြောပါတယ်။

Photo-Han Nwai

ဒီလိုဆောင်ရွက်ရတာဟာ လက်ရှိအခြေအနေအရ ယခင်က ဖွင့်လှစ်တဲ့ ကိုဗစ်ကုသရေးစင်တာတွေ ပိတ်ထားတဲ့အတွက် ပုဂ္ဂလိက ကုသရေးစင်တာဖြစ်တဲ့ ပန်းလှိုင်ကို ပို့ဆောင်တာဖြစ်လို့ ကိုယ့်စားရိတ်နဲ့ ကုသရမယ်လို့ N Health Laboratory တာဝန်ရှိသူက ပြောပါတယ်။

" ပေါ့စတစ်ဖြစ်ရင် လောလောဆယ်ကိုဗစ်စင်တာတွေအကုန်လုံးက ပိတ်နေတယ်။ပိတ်နေတယ်ဆိုတဲ့ အခါကျတော့ ပုဂ္ဂလိက ကိုဗစ်စင်တာပေါ့။ပန်းလှိုင်ပေါ့ ပို့ပေးတယ်။ကိုယ့်စားရိတ်နဲ့ ကိုယ် တက်ရမှာ။အရင်က ဆရာဝန်တွေ CDM မလုပ်ခင်က Fortune တို့ AYA ကိုဗစ်စင်တာတို့ စသည်ဖြင့်ပေါ့ ပို့ပေးပါတယ်။အခုကတော့ ပန်းလှိုင်ပဲ သွားရမှာပေါ့ " လို့ N Health Laboratory တာဝန်ရှိသူက ပြောပါတယ်။

ကိုဗစ်ပိုးတွေ့ရင် ပန်းလှိုင် ဆေးရုံမှာ ၁၁ရက် ကုသမှုခံယူရင်း နေရမှာဖြစ်ပြီး တစ်ရက်ကို တစ်သိန်းရှစ်သောင်းနှုန်း ကျသင့်မယ်လို့ ပန်းလှိုင်ဆေးရုံက သိရပါတယ်။

ခရီးသွားမယ့်သူများ ကိုဗစ် Positive ဖြစ်ခဲ့ရင် ပန်းလှိုင်ဆေးရုံမှာ မပျက်မကွက်ကုသရမယ်ဆိုတဲ့ အချက်အလက်နဲ့ ပတ်သက်လို့ "ပန်းလှိုင်ဆေးရုံအမည်အား အသုံးပြုပြီး အခြားသူများ ဖြန့်ဝေတဲ့ ထုတ်ပြန်ချက်များက ပန်းလှိုင်ဆေးရုံနဲ့ သက်ဆိုင်ခြင်းမရှိပါကြောင်းနှင့် ပန်းလှိုင်ဆေးရုံနဲ့ ပတ်သက်တဲ့ ကြေညာချက်၊ သတင်းအချက်အလက်များအားလုံးကို ပန်းလှိုင်ဆေးရုံရဲ့ တရားဝင် Page များတွင် အချိန်နဲ့တပြေးညီ ကြေညာပေးသွားမှာဖြစ်ကြောင်း" ပန်းလှိုင်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Duwun ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု မတိုင်မီကတည်းက ပြည်တွင်း၊ပြည်ပ ခရီးသွားလိုသူတွေ ၊ လေကြောင်း ၊ ကားလမ်းနဲ့ ခရီးသွားမယ့်သူတွေ ယာဉ်မောင်းတွေဟာ ကိုဗစ်-၁၉ စစ်ဆေးကြရတာဖြစ်ပေမယ့် ရောဂါပိုးတွေ့ရှိရင် အစိုးရဆေးရုံတွေ ၊ ကိုဗစ်စင်တာတွေမှာ ကုသစရိတ်အခမဲ့နဲ့ နေထိုင်ကုသခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီး နောက်ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ ဆရာဝန်တွေ ၊ ဆေးဘက်ဆိုင်ရာ အခြားဝန်ထမ်းတွေနဲ့ ပြည်သူတွေက Civil Disobedience Movement လှုပ်ရှားမှုကို စတင်ခဲ့ကြတာဖြစ်လို့ လက်ရှိအချိန်မှာတော့ ဆေးရုံတွေနဲ့ ကိုဗစ်စင်တာတွေရဲ့ လည်ပတ်မှုဟာ ရပ်တန့်သလောက်နီးပါး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က