အာဏာသိမ်းစစ်ကောင်စီကို အခွန်ဝင်ငွေမရစေချင်တာကြောင့် ပြည်သူတွေအနေနဲ့ ထီမထိုးကြတာဖြစ် တယ်လို့ ထီလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်စဉ် ဖေဖော်ဝါရီလ ၁ရက်မှာ စတင်လိုက်တာဖြစ်တဲ့အတွက် ပြည်သူတွေက မတ်လ ၁ရက်မှာ ဖွင့်လှစ်မယ့် အောင်ဘာလေထီကို ယခုလမှာ ဝယ်ယူခြင်းမရှိ တာကြောင့် ထီရောင်းအား အလွန်အမင်းကျဆင်းလျက်ရှိတယ်လို့ သိရပါတယ်။

ပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီကို အခွန်ငွေမပေးလိုတဲ့အတွက် ထီမထိုးကြတာကြောင့် ထီရောင်းသူတွေလက်ထဲမှာ လက်မှတ်တွေအများအပြားပိုက်မိနေတာကြောင့် ငွေရင်းပေါ်ဖို့ ခက်ခဲနေသလို အကြွေးပါထပ်တင်တဲ့ အနေအထားဖြစ်နေကြတယ်လို့ သိရပါတယ်။



" ထီက တစ်ယောက်က ထိုးမယ်ဆိုရင်တောင် ပါလာတဲ့သူငယ်ချင်းက မထိုးနဲ့ သွားမယ်ပေါ့ အတင်းပြန်ဆွဲခေါ်သွားတော့ ရောင်းရမယ့်သူက စိတ်အားငယ်တယ်။ ခါတိုင်းက ဒီအချိန်ဆို တော်တော်ရောင်းပြီးပြီ။အခုကျ ထားပါတော့ဗျာ သိန်းသုံးရာဖိုးဝယ်ထားတယ်။ တစ်ရာက လက်ငင်းပေးထားတယ်။နှစ်ရာက ရောင်းပြီးမှ ပေးရမယ်ဆိုပေမယ့် ကိုယ့်လက်ငင်းရင်းထားတဲ့ သိန်းတစ်ရာကို ပြန်မရတဲ့အပြင် အကြွေးပါတင်မယ့်အနေအထားဖြစ်သွားတာ။ ထီတွေက ပိုက်မိနေတယ် " လို့ သာကေတမြို့နယ်က ထီရောင်းသူ ကိုအောင်ထွန်းက Duwun ကို ပြောပါတယ်။

ဒါပေမယ့်လည်း ဖေဖော်ဝါရီလအတွက် ထီလက်မှတ်တွေက ဇန်နဝါရီ ရက်၂၀ ဝန်းကျင်က အစိုးရကို ငွေသွင်းဝယ်ယူခဲ့ရတာဖြစ်လို့ လက်ရှိအာဏာသိမ်းစစ်ကောင်စီအတွက် ငွေသွင်းပေး ရတာ မဟုတ်ဘူးလို့လည်း ထီလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ပြည်သူတွေက လက်ရှိမှာတော့ မတ်လဆန်းဖွင့်လှစ်မယ့် အောင်ဘာလေထီကို အာဏာသိမ်းအစိုးရအတွက် အခွန်ငွေမရစေချင်တာကြောင့် ဝယ်ယူမှုမပြုဘဲ ဆန့်ကျင်နေသလို ဖေဖော်ဝါရီ ၁ရက်က အာဏာသိမ်းမှု စတင်ခဲ့တာကြောင့် အဲဒီနေ့မှာ ကံထူးခဲ့တဲ့ သိန်းတစ်သောင်းခွဲဆုရှင်အပါအဝင် ကံထူးရှင်တွေ အခုချိန်ထိ ဆုကြေးငွေမရရှိတဲ့ သတင်းတွေလည်း ပျံ့နှံ့နေတဲ့အတွက် ပြည်သူတွေက ထီဝယ်ယူမှုမရှိတာ ဖြစ်တယ်လို့လည်းသိရပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က