ပထမဆုံးအနေနဲ့ တပ်မတော်သားတစ်ဦး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုမှာ ပူးပေါင်းလာတာပါ။

ဒီကနေ့ ဖေဖော်ဝါရီ (၁၈) ရက် မနက်ပိုင်းက မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းမှာ တပ်မတော်သားတစ်ဦးပူးပေါင်းပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တပ်မတော်သားဟာ ခမရ (၁၆)မှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီးစာရေးသန်းလွင် (ကိုယ်ပိုင်အမှတ်- ၅၅၀၀၉၆) ဖြစ်ပြီး စစ်ကိုင်းတိုင်းလွှတ်တော်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်သူဖြစ်တယ်လို့ ဆိုပါတယ်။



ဓာတ်ပုံ- မုံရွာဂေဇက်

တပ်ကြပ်ကြီးဟာ ဖေဖော်ဝါရီလ (၁၇) ရက် မနေ့ညတုန်းက စစ်ကိုင်းတိုင်းလွှတ်တော်အနီးက ရပ်ကွက်တစ်ခုဖြစ်တဲ့ မုံရွာမြို့၊အိုးဘိုထောင်ရပ်ကွက်ကို လာရောက်ကာ CDM လုပ်ချင်ကြောင်း၊ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပူးပေါင်းပါဝင်လိုကြောင်း ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

“ သူက မနေ့ညတည်းက အိုးဘိုထောင်ရပ်ကွက်ကိုလာပြီး CDM လုပ်ချင်တယ်ပြောပြီး မနေ့ညတည်းက မပြန်တော့တာ။ ဒီနေ့မနက်မှာလည်း သပိတ်စစ်ကြောင်းမှာ ပါမယ်ပြောပြီး အုပ်ချုပ်ရေးမှူးတွေ၊ သပိတ်ဦးဆောင်သူတွေနဲ့ ချိတ်ပြီး လိုက်သွားတာပါ” လို့ မုံရွာအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ မုံရွာဂေဇက်မှ ဒေသခံသတင်းထောက်တစ်ဦးက ပြောပြပါတယ်။ တပ်ကြပ်ကြီးဟာ လုံခြုံရေးအခြေအနေအရ သပိတ်စစ်ကြောင်းနောက်တော့ တောက်လျှောက်လိုက်ပါသွားခြင်းမရှိဘူးလို့လည်းသိရပါတယ်။



က္က