သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ နဲ့ အမှုဖွင့်ထားတာပါ။
Mi Thawdar Aung

ကိုဗစ်ကာလမှာ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးခင်ရီကို ဆိတ်ကြီးခနောင်တိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမောင်စိန်က အမှုဖွင့်လိုက်ပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပေဒပုဒ်မ (၂၅) နဲ့ ဒီကနေ့ ဖေဖော်ဝါရီလ (၁၈) ရက်မှာ ဆိတ်ကြီးခနောင်တိုရဲစခန်းမှာ အမှုသွားဖွင့်ခဲ့ရာ ရဲစခန်းက လက်ခံလိုက်တယ်လို့ ဆိတ်ကြီးခနောင်တိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမောင်စိန်က Duwun ကို ပြောပါတယ်။



“ ရဲစခန်းက လက်ခံလိုက်ပြီ။ ဒါပေမယ့် (ပ) နံပါတ် ၊ အမှုနံပါတ်တော့ မရသေးဘူး။ မနက်ဖြန်တော့ ရမယ်လို့ ပြောပါတယ်။ တစ်ဆင့်တင်ပြရဦးမယ်ပြောပါတယ်။ ရဲစခန်းဘက်ကတော့ အမှုကတော့ ဖွင့်မှာပါ စိတ်ချတဲ့ အဲဒီလိုတော့ ပြောတယ်။ " လို့ ဆိတ်ကြီးခနောင်တိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမောင်စိန်က ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးခင်ရီဟာ နိုဝင်ဘာလ (၆) ရက်နေ့က ဆိတ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးရုံးရှေ့မှာ ကိုဗစ်စည်းကမ်းကို ဖောက်ဖျက်ပြီး လူအယောက် (၂၀၀) ကျော်စုဝေးကာ လက်အိတ်၊ Mask မသုံးစွဲဘဲ ဟောပြောစည်းရုံးမှုလုပ်ခဲ့တာဖြစ်ကြောင်း၊ သက်သေခံအထောက်အထားများလည်းရှိကြောင်း ဦးမောင်စိန်က ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ ဦးခင်ရီဟာ ဆိတ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် (၂၀၂၀) ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ကို မဲအရေအတွက် (၈,၀၀၀) ကျော်နဲ့ ရှုံးနိမ်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကိုလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နဲ့ တပ်မတော်ဘက်က တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။


Author

  • Mi Thawdar Aung

    Content Editor/Reporter


က္က