လမ်းသွားလမ်းလာပြည်သူတွေကိုပါ စစ်မေးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ကျောင်းဆရာမတွေကိုပါ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေရှိနေပြီး လုံခြုံရေးပိုတင်းကြပ်တဲ့ အခြေအနေရှိတယ်လို့ ဒေသခံပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။

ဒီနေ့ မနက်မှာဆိုရင် မြစ်ကြီးနားမြို့ ၊ ဒူကထောင်ရပ်ကွက်မှာရှိတဲ့ ပညာရေးကောလိပ်အနီး သပိတ်စစ်ကြောင်းထွက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းဆရာမအချို့ အကြမ်းဖက်ဖြိုခွင်းခံရပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။



"မနက်က ကျွန်မတို့ကလည်း သပိတ်စစ်ကြောင်းသွားဖို့ ပြင်နေတဲ့အချိန်မှာ ဖြစ်သွားတဲ့ကိစ္စပါ။ ဖြစ်တဲ့နေ ရာက ဒူကထောင့်ရပ်ကွက်က ဆရာအတတ်သင်ကျောင်းရှေ့မှာပါ။အဲဒီနားမှာက သပိတ်စစ်ကြောင်းတစ်ခု စုရပ်အနေနဲ့ပါ။ဒီနေ့မှာ ဆရာမတွေက စောစောရောက်နေပြီး လူအင်အားလည်းမရှိသေးဘူး။အဲဒီအချိန် လာပြီး ဖြိုခွင်းသွားတဲ့ပုံစံပါ။ဒီမှာက (၉)နာရီကျော်မှ အင်တာနက်ရတာ။ ဖြစ်သွားတာက (၈)နာရီခွဲဝန်းကျင်လောက် ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ ဆရာမလေးယောက်လောက် အဖမ်းခံရတယ်လို့ ကြားပါတယ်။ နှစ်ယောက်ကတော့ ဘယ်ကဆိုတာမျိုးတော့ သိရပြီး ကျန်တဲ့သူတွေက မသိရသေးဘူး " လို့ ဒေသခံပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။

ဒီလိုအကြမ်းဖက်ဖြိုခွင်းမှုတွေရှိနေတဲ့ မြစ်ကြီးနားမြို့မှာဆိုရင် ဒီနေ့ လုံခြုံရေးပိုတင်းကြပ်တဲ့ အခြေအနေရှိနေပြီး လမ်းသွားလမ်းလာပြည်သူတွေကိုပါ ခေါ်ယူစစ်မေးမှုတွေ ရှိနေတယ် လို့လည်း ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

" အခုက အခြေအနေဆိုးတယ်။လမ်းဆုံတိုင်းမှာ ရဲတွေ စစ်သားတွေအများကြီး ချထားတယ်။ သတင်းမီဒီယာသမားတွေကို နောက်လိုက်ဖမ်းတယ်။ဖုန်းနဲ့ရိုက်တဲ့ ပြည်သူတွေကို လေးခွနဲ့ ပစ်တယ်။အခြေအနေက မြစ်ကြီးနားကို သတင်းအမှောင်ချချင်တဲ့ ပုံစံလုပ်နေတယ်။ထိုင်သပိတ်လုပ်နေတဲ့သူတွေကိုလည်း ဖမ်းဆီးတာတွေလုပ်တယ်။အခုတကယ်ဆို ဖမ်းဆီးခံရတာ ၅၀လောက်ရှိနေပြီ။ဒါပေမယ့် သတင်းတွေမတက်လာဘူး။ဒီဘက်မှာ မီဒီယာအားနည်းနေတယ်။လမ်းသွားနေတဲ့သူတွေကိုပါ ရပ်ခိုင်းပြီး စစ်ဆေးတာမျိုး ဒီနေ့ရှိတယ်။ဒီနေ့က ခါတိုင်းနေ့တွေထက်ပိုဆိုးတယ် " လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ (၁၄)ရက်ညကလည်း လျှပ်စစ်ဓာတ်အားခွဲရုံအတွင်း စစ်သားတွေဝင်ရောက်နေတာကြောင့် ပြည်သူတွေက ပြန်လည်ထွက်ခွာခိုင်းရာကနေ အကြမ်းဖက်ဖြိုခွင်းမှု၊ပစ်ခတ်မှုတွေကြောင့် ဒေသခံအများအပြား ဖမ်းဆီးခံရပြီး မီဒီယာသမားတွေအပါအဝင် ပြည်သူ (၇)ဦးကိုရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။



က္က