ဒီကနေ့မနက်ပိုင်းကပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။
Ei Ei Htun

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နေပြည်တော်သပြေကုန်းအဝိုင်းအနီးက အကြမ်းမဖက် ဆန္ဒပြပွဲမှာမှာ ဦးခေါင်းကိုပစ်ခတ်ခံခဲ့ရပြီး  သေဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ကို အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဒီကနေ့ ဖေဖော်ဝါရီ (၁၉) ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကနေ့ မနက် (၁၁) နာရီဝန်းကျင်မှာ ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည့်အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လျက် ဦးညွှတ်အလေးပြုကြောင်း ထုတ်ပြန်ထားတာပါ။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတွေ၊ လူငယ်ကျောင်းသားတွေ၊ ပြည်သူတွေအနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို တရားမဝင် စစ်ကောင်စီကို ဖယ်ရှားနိုင်တဲ့အထိ အရှိန်မြှင့်တင် ဆင်နွှဲကြဖို့ကိုလည်း (CRPH) တိုက်တွန်းလိုက်ပါတယ်။



ဖေဖော်ဝါရီလ (၉) ရက်နေ့က နေပြည်တော် သပြေကုန်းအဝိုင်းအနီးမှာ ပြုလုပ်ခဲ့တဲ့စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အသက် (၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးေခေါင်းကို ကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံ အရေးပေါ်ကြပ်မတ်ကုသပေးနေပြီး ဦးခေါင်းကျည်ထိမှန်ကြောင့် ဦးနှောက်သေဆုံးသွားခဲ့ကာ အသက်ရှုစက်နဲ့ အသက်ဆက်နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ (၁၉) ရက်မှာတော့ အခြေအနေ ဆိုးရွားလာပြီး နှလုံးခုန်ရပ်သွားခဲ့ကာ မနက် (၁၁) နာရီ (၁၅) မိနစ်မှာ သေဆုံးခဲ့ကြောင်း နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီး မှ ဆရာဝန်က အတည်ပြု ပြောကြားခဲ့ပါတယ်။ မမြသွဲ့သွဲ့ခိုင်ကိုတော့ ဒီနေ့ နေ့လယ် (၃) နာရီဝန်းကျင်မှာ မှုခင်းဆရာဝန်ကြီး က ရင်ခွဲစစ်ဆေးခဲ့ပြီး သက်သေခံကျည်ဆန်၊ ရင်ခွဲစစ်ဆေးမှုမှတ်တမ်းတွေ ပြုစုသွားမယ်လို့လည်း သိရပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပနကို ဖေဖော်ဝါရီ (၂၁) ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ဂွေ့ကြီးသုသာန်မှာ သဂြိုလ်မှာ ဖြစ်တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ အဆိုပါ မိန်းကလေးငယ်သေဆုံးမှုနဲ့ ပတ်သက်လို့  အမြို့မြို့ အနယ်နယ်တိုင်းမှာလည်း ဆုတောင်းပွဲတွေပြုလုပ်ခဲ့သလို ဒီကနေ့မှာလည်း ရန်ကုန် ပန်းဆိုးတန်း ဥပဒေရုံးအရှေ့မှာပြည်သူတွေက ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။


Author


က္က