တနင်္ဂနွေနေ့မှာ အလောင်းကို သဂြိုလ်မှာပါ။
Ei Ei Htun

မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်အလောင်းကို သင်္ဂြိုလ်တဲ့နေ့ မရောက်ခင်အထိ မိသားစုဝင်တွေက ဆေးရုံရဲ့ ရင်ခွဲရုံရှေ့မှာညစောင့်အိပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အလောင်းကို ဒီကနေ့နေ့လယ်ပိုင်းမှာပဲ ခွဲစိတ်မှုပြုလုပ်ထားပြီး သူ့ရဲ့ဦးခေါင်းထဲက ကျည်ဆန်က သတ္တုကျည်ဆန်အမျိုးအစားဖြစ်တယ်လို့လည်း ဆရာဝန်တွေက အတည်ပြုပြောကြားထားပါတယ်။ အလာင်းတစ်ခုခုဖြစ်တာမျိုးနဲ့ ပျောက်ပျက်သွားမှာကို စိုးရိမ်တာကြောင့် မိသားစုဝင်တွေက ရင်ခွဲရုံရှေ့မှာ ညစောင့်အိပ်သွားမှာဖြစ်တယ်လို့ မြသွဲ့သွဲ့ခိုင်အမျိုးတော်စပ်သူက ပြောပါတယ်။



“ ရုပ်အလောင်းက တနင်္ဂနွေနေ့မှ သင်္ဂြိုလ်ရမှာဆိုတော့  ရင်ခွဲရုံမှာပဲ ထားရဦးမယ်။ ဒီကြားထဲမှာ၊ တစ်ခုခုဖြစ်ပြီးပျောက်ပျက်မှာတွေဖြစ်မှာစိုးလို့ ကျွန်တော်တို့ စောင့်အိပ်ပါရစေ ခွင့်တောင်းတော့ ခွင့်ပြုပေးပါတယ်။ ကျွန်တော်တို့ (၁၅)ယောက်လောက်စောင့်အိပ်မယ်”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ (၉) ရက်နေ့က နေပြည်တော် သပြေကုန်းအဝိုင်းအနီးမှာ ပြုလုပ်ခဲ့တဲ့စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ ကအကြမ်းဖက်ဖြိုခွင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အသက် (၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှာအရေးပေါ်ကြပ်မတ်ကုသပေးနေပြီး ဦးခေါင်းကျည်ထိမှန်တာကြောင့် ဦးနှောက်သေဆုံးသွားခဲ့ကာ အသက်ရှူစက်နဲ့ အသက်ဆက်နေခဲ့ရတာပါ။ ဒီကနေ့ ဖေဖော်ဝါရီ (၁၉) ရက်မှာတော့ အခြေအနေ ဆိုးရွားလာပြီး နှလုံးခုန်ရပ်သွားခဲ့ကာ မနက် (၁၁) နာရီ (၁၅) မိနစ်မှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ နေ့လယ် (၃)နာရီမှာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး ဦးခေါင်းထဲကကျည်ဆန်ကိုထုတ်ခဲ့ရာမှာ ကျည်ဆန်က သတ္တုအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ မြသွဲ့သွဲ့ခိုင်ဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရေးမှာ ပထမဆုံး အသက်ပေးဆပ်ခဲ့ရသူလည်းဖြစ်ပါတယ်။


Author


က္က