ဓားနဲ့ဝင်ခုတ်သူက သံပုံးတီးသူ ဇနီးမောင်နှံနှစ်ဦးကို ပြန်လည်အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
Duwun

ပခုက္ကူမြို့နယ်မှာ မနေ့ညက သံပုံးတီးချိန် ဇနီးမောင်နှံနှစ်ဦးကို အိမ်အနီးဝန်းကျင်က အမျိုးသားတစ်ဦးက ဓားနဲ့ဝင်ရောက် ခုတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့ခုတ်မှုကြောင့် အဆိုပါဇနီးမောင်နှံ ဒဏ်ရာအများအပြားရရှိခဲ့ပေမယ့် အသက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။ " ခုတ်တဲ့သူက အောင်ကိုဦးလို့ ခေါ်တယ်။ အခုတ်ခံရတဲ့အမျိုးသားက ခေါင်းရော ကိုယ်တွေရောမှာပါ ဒဏ်ရာရတယ်။ ချုပ်လိုက်ရတယ်။ အမျိုးသမီးလည်း လက်တွေထိသွားတယ်။ ဒီနေ့ အရိုးဆရာဝန်နဲ့ပါ ပြရမယ်။ အိမ်နားဝန်းကျင်အကုန်လုံးကတော့ သံပုံးတီးလို့ ဓားနဲ့ဝင်ခုတ်တယ်ပြောတယ်။ ကျွန်မကိုက သူတို့အိမ်နီးချင်းက ချက်ချင်းဖုန်းဆက်အကူအညီတောင်းလို့ ချိတ်ဆက်မှုတွေလုပ်ပေးပြီး ကူညီပေးတာပါ " လို့ နစ်နာသူလင်မယားကို ကူညီမှုပေးခဲ့တဲ့ အမျိုးသမီးက Duwun ကို ပြောပါတယ်။



ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသားရဲ့ ဒဏ်ရာများ

ဓားနဲ့ခုတ်သူအမျိုးသားက ယခင်က ပြစ်မှုဟောင်းတွေပါရှိတဲ့အပြင် ၎င်းဒေသမှာလည်း နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး နစ်နာသူ လင်မယားကို ပြန်လည်အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

" အဲဒီအမျိုးသားက အရင်က ပြစ်မှုတွေလည်းရှိတယ်လို့ အဲဒီက လူတွေက လာပြောပြကြတယ်။ တပ်ထွက်လို့လည်း ကြားတယ်။သူ့ကို ပံ့ပိုးနေသူရှိတယ်လို့လည်း ပြောကြတယ်။ အရေးမယူရဲကြဘူးလို့ ပြောကြတယ်။ လူနာတွေက ညရှစ်နာရီကျော်နေတာရော ဒဏ်ရာဇောနဲ့ရောဆိုတော့ ဆေးရုံအရင်ပြေးရတာပေါ့။ အမှုမဖွင့်ရသေးဘူး။အဲဒါကို အဲဒီဓားနဲ့ခုတ်သူကတောင် အမှုပြန်ဖွင့်ခဲ့တယ်လို့ သတင်းရတယ် " လို့ နစ်နာသူလင်မယားကို ကူညီမှုပေးခဲ့တဲ့ အမျိုးသမီးက Duwun ကို ပြောပါတယ်။ 

ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသမီးရဲ့ ဒဏ်ရာများ

အဆိုပါဖြစ်စဉ်က ဖေဖော်ဝါရီ ၂၀ရက်ညပိုင်းက ပခုက္ကူမြို့နယ် ၊ အမှတ် ၁၅ရပ်ကွက် ၊ မြစ်ကိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး နစ်နာသူလင်မယားရဲ့ လက်ရှိအခြေအနေနဲ့ အမှုဖွင့်ဆောင်ရွက်မှုအခြေအနေကိုတော့ သိရခြင်းမရှိသေးပါဘူး။


Author


က္က